Pages

Tuesday, February 9, 2010

သွေး..

“သင့်သွေးဖြင့် အသက်ကယ်ပါ” ။“ သွေးတစ်စက်၊ အသက်တစ်ချောင်း” ဆိုတဲ့  အတိုင်း တန်ဖိုးရှိလှတဲ့  ဒီသွေး ။ “ကိုယ့်သွေး ကိုယ့်သား” ဆိုတဲ့ စကားအရတော့ ကိုယ့်ဖက်ကိုယ်တွေး ၊ အရေးပေး သလို၊ အဓိပ္ပါယ် အမျိုးမျိုး ပေးဆောင်နိုင်တဲ့  ဒီသွေး ။ “ ဇာတိသွေး ဇာတိမာန် ” ၊ အရေးကြီးက သွေးစည်းကြ ” ဆိုပြီး ကိုယ့်လူမျိုး ဘာသာ သာသနာ ကို လှုံ့ ဆော်ပေးနိုင်တဲ့ ဒီသွေး ။ဘယ်လိုပဲ ပြော ပြော သွေး က အရေးကြီးလှသည် ။ မလိုအပ်ပဲ မြေကျ ခဲ့ရသည့် သွေးများ အတွက် အလွန် ကြေကွဲ နှမြော စရာ ကောင်းလှသည် ။ဆရာမကြီး ဂျာနယ်ကျော် (ဒေါ်) မမလေး ရဲ့  “ သွေး ” ဝတ္တုကြီးကဲ့သို့  ဇာတ်လမ်း တပုဒ်ကိုလည်း အမှတ်ရမိပါသေးသည် ။ သွေးအကြောင်းပြောရလျှင် ကိုယ့်အရေး ဘာသာရေး ၊ လူမှုရေး ၊ စီးပွားရေး မှစ၍ အလွန်ပဲ ကျယ်ပြန့် သွားနိုင်ပါသည် ။ ဒီတော့ အသက်ကယ်မည့်  သွေး ရဲ့  အရေးကြီးပုံ နှင့် သွေးလှူခြင်း အကြောင်း ကိုသာ ပြော ပါမည် ။...

လူတဦး၏ကိုယ်ခန္ဓာအတွင်း လှည့်ပတ် စီးဆင်းနေသော သွေးပမာဏမှာ ၅လီတာ မျှရှိသည် ။မိမိကိုယ်ခန္ဓာ အလေးချိန်၏ ၈ % မျှ ဟု အကြမ်းဖြင်း တွက်ယူနိုင်ပါသည်။
သွေး အုပ်စု အမျိုးအစား ။
အဓိက ၄ မျိုး ရှိပါသည် ။ A , B ,AB , O ( အေ ။ ဘီ ၊ အေဘီ နှင့် အို ) စသည်တို့ ဖြစ်ပြီး ၊ ၄င်းတို့ ကို မျောက်သွေး ခေါ် Rh ( Rhesus) အမျိုးအစား + / - နှင့် တွဲပြီး ဖေါ်ပြရသည် ။

သွေး၏ လုပ်ငန်းတာဝန်များနှင့် အရေးကြီးပုံ ။
သွေးထဲတွင်
(၁) သွေးနီဥ( Red Blood Cell ) ၊
(၂) သွေးဖြူဥ(White Blood Cell ) ။
(၃) သွေးဥမွှား( Platelet ) ။
(၄) သွေးရည်ကြည် ( Plasma) စသဖြင့်ပါဝင်သည် ။
၎င်းတို့ တွင် အရေးကြီး တာဝန်ကိုယ်စီ ရှိကြသည်။
သွေးထဲတွင် ခန္ဓာကိုယ် ဇီဝကမ္မ လုပ်ငန်းများအတွက် လိုအပ်သော အောက်စီဂျင်နှင့် အာဟာရ ဓါတ်များကို သယ်ဆောင်ပေးသည်။ မလိုအပ်တော့သော ကာဘွန်ဒိုင်အောက်ဆိုဒ်ပါဝင်သည့် သွေးညစ် နှင့် လိုအပ်သော အောက်စီဂျင် ဓါတ် ပါသည့် သွေးသန့်  ကို အဆုပ်ထဲတွင်လဲလှယ်ပေးသည်။မလိုအပ်သော အညစ်အကြေး အဆိပ်အတောက်များကို အသည်းနှင့် ကျောက်ကပ်တို့ မှ စွန့် ပစ်စေနိုင်ရန် သယ်ဆောင်ပေးသည်။

(၁) သွေးနီဥမှာ သွေးပမာဏ ၏ ၄၀ % ရှိပြီး သက်တမ်း ၁၂၀ ရက်ထိ ကြာအောင်ရှင်သန်နိုင်သည် ။ သွေးနီဥထဲရှိ ဟေမိုဂလိုဘင် ကိုကြည့်ပြီး (အကြမ်းအားဖြင့်) သွေးအားနည်းခြင်း ( Anemia) ရှိ မရှိ ဆုံးဖြတ်နိုင်သည် ၊ သွေးအားနည်းခြင်းမှာ သွေးပေါင်ချိန် နည်းခြင်း နှင့်မတူပါ။ပုံမှန်လူ တဦးအတွက် ဟေမိုဂလိုဘင်မှာ (ကျား)13.6 - 17.7 g/dl နှင့် (မ) 12.0-15.0 g/dl အတွင်း ရှိသည် ။
( ဓါတ်ခွဲခန်း နှင့် အသုံးပြုသော ဆေးရည် ပေါ်တည်၍ အနည်းငယ် ကွဲပြားသတ်မှတ်ချက်များ ရှိကြသည် ။)

(၂) သွေးဖြူဥ မှာ အရွယ် အစား အကြီးဆုံး ဖြစ်ပြီး သက်တမ်းမှာတော့ တိုသည် ။ ရက်သတ္တ တပါတ် မျှသာ ရှိသည် ။သွေးဖြူဥ အမျိုးအစား ၅မျိုးရှိပြီး သူတို့ ၏တာဝန်မှာ ခန္ဓာကိုယ်တွင်း ဝင်ရောက်လာသော ရောဂါပိုးများကို တိုက်ထုတ်ပေးသည် ။သွေးတစက်တွင် သွေးဖြူဥဆဲလ် ပေါင်း ၇ ထောင်မှ ၂သောင်းခွဲမျှ ရှိသည် ။ ယူနစ်နှင့်ပြပါက 4000~10000 /microL (မိုက်ခရိုလီတာ) အတွင်းရှိသည်။ရောဂါပိုးများအား ခုခံတိုက်ဖျက်နေရချိန်တွင် သူ၏ပမာဏများပြားလာသည် ။ wbc leukocytosis ဟုခေါ်ပြီး သွေးဆိပ်တက်ခြင်း( Septicemia , Sepsis )ကို သွေးဖြူဥ အဆမတန် များပြားနေခြင်းဖြင့် သိနိုင်သည် ။

(၃) သွေးဥမွှား မှာ အသေးငယ်ဆုံး သွေးဆဲလ် များဖြစ်ပြီး သွေးပမာဏ၏ ၅% မှ ၇ % ရှိသည် ။၎င်း သည် ကိုယ်ခန္ဓာတွင် ထိခိုက်ပြီး သွေးထွက် သောအခါ မှာ ဒါဏ်ရာ၌ သွေးခဲစေပြီး သွေးယိုထွက်ခြင်းကို လျှော့ချပေးသည် ။ ပုံမှန် ပမာဏမှာ တစ်မီလီမီတာ ကုဗ အတွက် သွေးဥမွှား အရေအတွက် ၁သိန်းခွဲမှ ၄ သိန်း အထိရှိသည် ။

(၄) သွေးရည်ကြည် မှာ အ၀ါရောင်ဖျော့ဖျော့ အရည် ဖြစ်ပြီး စေးကပ်ကပ်ရှိသည် ။ သွေးပမာဏ ၏ ၅၅ %ဖြစ်ပီး ရေဓါတ်၊ ဆားဓါတ် ၊ ပရိုတင်းဓါတ် နှင့် ဟော်မုန်းဓါတ်များ ပေါင်းစပ် ပါဝင်သည် ။ သွေးရည်ကြည်၏ ၉၅ %မှာ ရေဓါတ် ဖြစ်ပြီး ကျန် ၅ % မှာ ဆားဓါတ် ၊ ပရိုတင်းဓါတ် နှင့် ဟိုမုန်းဓါတ် များဖြစ်သည် ။ ထို့ ကြောင့် ၄င်းသည် သွေးပေါင်ချိန်အား ထိန်းညှိပေးနိုင်ပြီး ကိုယ်ခံအားအတွက် လည်း အရေးကြီးသည် ။
သွေးလှူရှင်များ လှူဒါန်းသောသွေးများကို သွေးလှူဘဏ်တွင် စနစ်တကျ ဓါတ်ခွဲခြင်း၊ ကူးစက် ရောဂါ များ ပါ မပါ စမ်းသပ်ခြင်း လုပ်ရသည် ။ ထို သွေး တချို့ အား နဂိုသွေး( whole blood ) အတိုင်း ထားပြီး ၊ အချို့ အား သွေးနီဥ ၊သွေးဖြူဥ ။ သွေးဥမွှား၊ သွေးရည်ကြည် တို့ အဖြစ် သပ်သပ်စီ ခွဲခြား ကာ သတ်မှတ်ထားသည့် အပူချိန် ၌ သိုလှောင်သိမ်းဆည်း ထားပြီး ၊ သက်တမ်းမကုန်ဆုံးမီ အတွင်း လိုအပ်သော လူနာများထံ ပေးပို့ ရသည်။
- သွေးနီဥကို သာမာန်အခြေအနေတွင် ၄၂ ရက်တိတိ သိုလှောင်ထား၍ ရသည်။
- Cryopreservation နည်းဖြင့် အေးခဲထားသော သွေးနီဥ (Frozen RBC) များအား အများဆုံး ၁၀ နှစ်ကြာမျှ သိမ်းဆည်းထားနိုင်ပါသည် ။
- သွေးဥမွှား မှာ ကြာရှည် အသိမ်းမခံပဲ ၅ ရက်အတွင်း အသုံးပြုရသည် ။ သွေးဥမွှား အလွန်နည်းပါးစေသော သွေးကင်ဆာနဲ့ အသည်းကင်ဆာရောဂါ အသည်းခြောက်ရောဂါများအတွက် အသုံးပြုပါသည် ။
- အေးခဲထားသော သွေးရည်ကြည် ( Fresh Frozen Plasma ) အား ၁ နှစ်တိတိ သိုလှောင် ထား နိုင်ပါသည် ။

မည်သူတွေ သွေးလှူနိုင်သလည်း ။
ကျန်းမာသန်စွမ်းပြီး ကူးစက်ရောဂါ မရှိသော သူတိုင်း သွေးလှူ နိုင်ပါသည် ။အခြေခံ သတ်မှတ်ချက် တချို့ တော့ ရှိပါသည် ။
သွေးလှူ သူ (Donar) နှင့် သွေးလက်ခံသူ( Recipient ) တိုင်းကို သွေးလှူခြင်း ၊သွေးသွင်းခြင်းမပြုမီ စမ်းသပ်စစ်ဆေးရပါသည် ။
သွေးလှူမည့်သူတိုင်းအား သွေးပေါင်ချိန်၊ ကိုယ်အလေးချိန် ၊ ကိုယ်အပူချိန်၊ အသက်ရှုမှု ၊ နှလုံးခုန်မှု ၊တိုင်းထွာစမ်းသပ်ရသည် ။ သတ်မှတ်စံညွန်း မပြည့်က သွေးမလှုနိုင်ပါ ။
-အသက်အရွယ်အားဖြင့် ၁၇ နှစ်ပြည့်ပြီးသား မှ အသက် ၆၀ အရွယ်ထိ ၊
-ကိုယ်ခန္ဓာ အလေးချိန် ၄၅ ကီလိုဂရမ် (၁၁၀ ပေါင် )အထက်ရှိ သူများ။
-သွေးပေါင်ချိန် ၁၁၀/၆၀ မှ ၁၆၀/၉၀ အတွင်းရှိသူများ ဖြစ် ရပါမည် ။
-ကူးစက်ရောဂါများ ဆိုသည်မှာ အသည်းရောင် အသားဝါ ဘီပိုး ၊ စီပိုး ၊ HIV ပိုး ။ကာလသားရောဂါ ( ဆစ်ဖလစ် ပိုး) ၊ ငှက်ဖျားပိုး အစရှိသည်များကို အဓိကထားပြီး ကင်းရှင်းသူများမှသာ သွေးလှူသင့်သည် ။
အချို့ နိုင်ငံများတွင် နိုင်ငံအလိုက် တွေ့ ရှိရသော ကူးစက်ရောဂါ များ ကိုလည်း သွေးမလှူသင့်သော အမျိုးအစားထဲတွင် ထဲ့သွင်းသတ်မှတ်ထားပါသည် ။ ဥပမာ ဥရောပ နိုင်ငံ UK တွင် bovine spongiform encephalopathy (BSE, နွားရူးရောဂါ ပိုးတမျိုးကြောင့်ဖြစ်သော ဦးနှောက် ပိုးဝင်ခြင်း ရောဂါ )အပါအဝင် variant Creutzfeldt-Jakob Disease (vCJD) ရောဂါ ရှိသူများ သွေးမလှူရပါ ။
-ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ ကာကွယ်ဆေးအချို့ ထိုးထားသူများ သွေးမလှူ ရပါ ။ ဥပမာ ၊ အသည်းရောင် အသားဝါ ကာကွယ်ဆေး (HBV vaccine ၊ Engerix-B,Recombivax HB စသည်တို့ ) ထိုးထားသူများ ၂ပါတ် အတွင်း သွေးမလှူရပါ ။ ဝက်သက် ၊ပါးချိတ်ယောင် ၊ဂျာမန်ဝက်သက် [ Measles, Mumps, Rubella (MMR) ] ကာကွယ်ဆေး ထိုးထားသူများ တစ်လ အတွင်း သွေးမလှူရပါ ။

သွေးလှူရန် ကြောက်နေကြပါသလား ။
သွေးလှူ ရန် မဝန့် မရဲ ဖြစ်နေသူများ အတွက် အောက်ပါ အကြောင်းအရာများ ကို ဆက်လက် ဖတ်ရှူခြင်းဖြင့် သံသယများကို ရှင်းလင်းနိုင်ပါသည် ။

*- သွေးလှူခြင်းဖြင့် အလှူရှင်အား ရောဂါများ ကူးစက်ဝင်ရောက်မှု မရှိနိုင်ပါ ။ အကြောင်းမှာ ပိုးကင်းစင်သော တခါသုံးအပ်များ အသုံးပြု ပြီး သွေးကိုထုတ်ယူခြင်း ၊သွေးဖေါက်မည့် နေရာတဝိုက်ကို ပိုးသတ်ဆေးဖြင့် စနစ်တကျ ဆေးကြော ပြီးမှ သွေးဖေါက်ယူခြင်း တို့ ကြောင့်ဖြစ်သည်။

*- သွေးလှူခြင်းကြောင့် နေထိုင်မကောင်း မအီမလည်ဖြစ်ခြင်း မရှိပါ ။ အကြောင်းမှာ သွေးမလှူမီ ထိုသူ၏ သွေးပေါင်၊ နှလုံးခုန်မှု ၊ အပူချိန် တက်မှု ၊ အစရှိသည်တို့ ကို စစ်ဆေးပြီး သင့်တော်မှသာ သွေးလှူစေပါသည်။ ချွင်းချက် အဖြစ် -အချို့ သူများ သွေးလှူအပြီး သွေးပေါင်ချိန် အနည်းငယ်ကျခြင်း ။ မူးဝေခြင်းများရှိတတ်သည် ။ သို့ ဖြစ်ပါ၍ သွေးလှူပြီး ပြီးချင်း လျှင်မြန်စွာ မတ်တပ်ရပ်ခြင်း မပြုပဲ အချိန်အနည်းငယ်မျှ လဲလျှောင်း အနားယူသင့်သည် ၊

*-တကြိမ်တွင် သွေးပမာဏ များပြားစွာ ဖေါက်ယူခြင်းမရှိပါ ။
သွေးပေးလှူခြင်းမှာ တကြိမ်တွင် ၂၅၀ မှ ၃၀၀ မီလီ လီတာ(စီစီ) မျှသာ ထုတ်ယူခြင်းဖြစ်ပါသည် ၊ အနောက်နိုင်ငံများ၏ စံညွန်းဖြစ်ပြီး တချို့ နိုင်ငံများတွင်တော့ ကိုယ် အလေးချိန်ပေါ်တည်ပြီး ၄၀၀ စီစီ အထိ ထုတ်ယူကြပါသည် ။
သွေးတအိတ်တွင် ၅၀၀ စီစီ ရှိသည်ဆိုသော်လည်း၊ ၇၀ မှ ၁၀၀ စီစီ မှာ သွေးမခဲဆေး ဖြစ်သော ဆေးရည် ( Trisodium citrate, Citrate Phosphate Dextrose (CPD) anticoagulant ) ထဲ့ သွင်းထားခြင်းဖြစ်၍ လိုအပ်သော သွေးပမာဏမှာ ၄၀၀ စီစီ မျှသာ ဖြစ်ပါသည် ။ ပုံမှန်လူတဦးအတွက် ၄င်းသွေးပမာဏအား ရက် အနည်းငယ် အတွင်း ခန္ဓာကိုယ် ရိုးတွင်းခြင်ဆီ မှအလိုအလျှောက် ပြန်လည်ဖြည့်ဆည်းပေးနိုင်ပါသည်။
သွေးရည်ကြည် ကို ၂ ရက်မှ ၃ ရက်အတွင်း ၊ သွေးနီဥကို ၂၅ ရက်မှ ၅၉ ရက်အတွင်း ပြန်လည်ဖြည့်ဆည်း ပေးနိုင်ပါသည်။

*-သွေးဖေါက် ရာတွင် အလွန် အမင်း နာကျင် မည်လား ။
သွေးထုတ်ယူသော အပ်မှာ 18 gauge အရွယ်အစားဖြစ်ပြီး သာမန် ဆေးထိုးအပ်ထက် အနည်းငယ် ပို၍ ကြီးပါသည် ။ သို့ အတွက် ပိုပြီး နာကျင်မည်တော့ မဟုတ်ပါ ။ သွေးလိုအပ်နေသော လူမမာ များ၏ ဝေဒနာ နှင့်စာလျှင် မပြောပလောက်ပါ ။ ကျောက်ကပ်ဆေးနေရသော လူမမာများမှာ တပါတ်လျှင် ၃ ကြိမ် ၊ ၁ကြိမ်မှာ ထိုထက်ကြီးသော အပ် 16 gauge ဖြင့် ၂ နေရာတွင် အဖေါက်ခံပြီး ကုသမှုခံယူနေကြရပါသည် ။ အချို့ သွေးရောဂါသည်များ ၊ ကင်ဆာရောဂါသည် များမှာလည်း ထိုအပ်ကြီးများဖြင့် မကြာခဏ ထိုးဆွခြင်း ခံယူနေကြရပါသည်။ ဤသို့  စာနာကြည့်ခြင်းဖြင့် သင့်နာကျင်မှုကို လျှော့နည်းစေပါမည် ။ သွေးလိုနေသူများ၏ အသက်ကို သင် ကယ်တင်နိုင်လိုက်ပြီဟု ဝမ်းမြောက်စိတ်ပွားခြင်းဖြင့်လည်း နာကျင်မှု နည်းပါးစေနိုင်ပါသည်။

*- သွေးလှူခြင်းဖြင့် အလွန် ဝ လာမည်လား ။
သွေးလှူခြင်းသက်သက် ကြောင့်တော့ ဝ ခြင်းမဖြစ်ပါ ။ သွေးလှူပြီးနောက် အစာအဟာရ အထူးတလည် ဖြည့်တင်းပေးရန်မလိုပါ ။ ပုံမှန်အတိုင်း သင့်တင့်စွာ စားရုံ ဖြင့် လုံလောက်ပါသည် ။ သွေးလှူပြီးနောက် ပို၍ပင် ပေါ့ပါးလန်းဆန်းပြီး နေထိုင်ကောင်းသည် ဟုပင် သွေးလှူဖူးသူများက ပြောကြသည်။

*- ဘယ်လောက်ကြာလျှင် နောက်ထပ်တကြိမ် သွေး လှူနိုင်မည်လည်း ။
နိုင်ငံများ၏ ကျန်းမာရေး ဌာနအလိုက် စံချိန်စံညွှန်းသတ်မှတ်ချက် အနည်းငယ် ကွဲပြားနိုင်ပါသည် ။ အကြမ်းအားဖြင့်ဆိုရလျှင်..
Whole Blood လှူသူများ အနည်းဆုံး ၅၆ ရက်ခြားလျှင် နောက်တကြိမ် လှူနိုင်သည် ။
Plasma သွေးရည်ကြည် လှူသူများ ၄၈ နာရီ ခြားပြီး နောက်ထပ်တကြိမ် လှူနိုင်သည်။ ( တပါတ်လျှင် ၂ကြိမ်မျှ လှူနိုင်သည်။ )။
သွေးဥမွှား Platelet လှူသူများ တစ်နှစ်လျှင် အများဆုံး ၂၄ ကြိမ် ထိ လှူနိုင်ပါသည် ။( တစ်လ လျှင် ၂ ကြိမ် နှုန်း ထိ)

***သို့ ပါ၍ သွေးလှူ ခြင်းအား ကြောက်စရာ မလိုပါ ***

http://www.kiki-idiotlove.com/....မှ