Pages

Wednesday, February 17, 2010

ဦးကျော် ..ဘိလပ်ရည် နှင့် ပေါက်ကျိုင်း..

 ဒီကနေ့မောင်ပေါက်ကျိုင်း တရုပ်နှစ်သစ်ကူး အလုပ်တွေပိတ်တာနဲ့ ပေါက်ကျိုင်း မင်းသားကြီးဦးကျော်ဟိန်းရဲ့ သူရဟန်းမခံခင် မြန်မာပြည် တနံတလျှား သူ့ရဲ့ ပရိတ်သတ် တွေကို လိုက်လံနုတ်ဆက်တဲ့ ဒီဗွီဒီ ခွေလေး ကို စက်ထဲထိုးထည့် ဒီနိုင်ငံမှာ ပေါပေါပီးပီး ရတဲ့ ငါးခူရဲယိုရွက် ဟင်း ကို ဗိုက်ခွေးနမ်းအောင် ဆွဲပြီးသကာလ ငါးခူမှိန်းမှိန်းပြီး ပေါက်ကျိုင်းခရေဇီ ဦးကျော် ဘယ်လက်နဲ့မိုက်ခွက်ကို ပါးစပ်နား အသာကပ် ညာလက်ကို အပေါ်ကို မြောက်ကာပင့်ကာနဲ့ “ လူသားအားလုံးကို လေးစားတယ်” ဆိုတဲ့ ဦးကျော်ရဲ့ ပုံကို ပေါက်ကျိုင်း စိတ်ထဲမှာ အထပ်ထပ်အခါခါ ရေရွက် မြင်ယောင်နေမိပါတယ်..အော် ဦးကျော်တောင် လူ့လောက ကို စွန့်ခွာ တသက်လုံး မြင့်မြတ်တဲ့ ရဟန်း ဘဝ ကို မွေ့လျှော်တော့မယ်ဆိုပါလား အနုပညာလောက မှာ သြချ ရလောက်အောင် ပြောင်မြောက် သမ္ဘာရင့် အနုပညာကဝေ လို့ တင်စားလောက်ရတဲ့ အထိ ဦးကျော် ဟာ ပါရမီ ရှင်ပါ..သူ့ရဲ့ ဘော်ဘော်တွေ ဆွေမျိုးသားချင်း တစ်လှေကြီးနဲ့ တမြို့ဝင်တစ်မြို့ထွက် သူ့ရဲ့ ချစ်ပရိတ်သတ်တွေကို ကားပေါ်ကဆင်း ထဲထဲဝင်ဝင် လူကြားထဲ လိုက်နုတ်ဆက် ကခုန်ပွေ့ဖက် သီချင်းတွေဆိုတာ ပေါက်ကျိုင်း မြင်ရတော့ ကြက်သီးထပီတိဖြစ်မိတယ် ပြည်သူတွေ ချစ်တဲ့ အနုပညာရှင်ကြီးပါလား....

ပေါက်ကျိုင်းချာတိတ် တုန်းက ဦးကျော် ရဲ့ ကားတွေဆို လက်မှတ်တိုး ခုန်ပျံကျော်လွှား ဘောင်းဘီကွဲ ဒူးပြဲ ချွေးသံအရွှဲရွှဲနဲ့ တစ်ကျပ်တန်းကနေ အမြဲအားပေးနေကြ.. အခုတက်ထိ ဦးကျော် ခွေ ဆိုရင် မလွတ်တမ်းကြည့် တုန်း..။ အဲဒီလို ပေါက်ကျိုင်းက ကျော်ဟိန်းခရေဇီ ..။ ဟိုးငယ်ငယ်တုန်းက နွေရာသီကျောင်းပိတ် တောင်ကြီးကနေ ရန်ကုန်ကို အမေကြီးလို့ပေါက်ကျိုင်းတို့ နုတ်ကျိုးနေတဲ့ အဖွား ဆီကို အလည်လာရင်း ဦးလေးတစ်ယောက် က ရုပ်ရှင်ရိုက်တဲ့ ခြံကြီးတစ်ခြံ လမ်းကြုံလို့ ခေါ်သွားဘူးပါတယ်..။ အဲဒီမှာ ဦးကျော် ကိုအပြင်မှာ အရှင်လပ်လပ် မြင်ဘူးတာဆိုတော့အပျော်လွန်ပြီး ရွစိရွစိကြီးကို ဖြစ်လို့..။ ..ဟုတ်တယ် တောင်ကြီးက နှပ်ချေးတွဲဘော်ဘော် တွေကို ဆရာကြီးလေနဲ့ ကြွှားရတော့မှာကိုး…။ ....မင်းသမီးက ဆွေဇင်ထိုက် ..ဘာဇတ်ကားလဲ မမှတ်မိ.။ .ထားတော့ .. ရိုက်တဲ့ ဇတ်ဝင်ခန်းက လမ်းပေါ်မှာ ဦးကျော်နဲ့ ဆွေဇင်ထိုက် လမ်းလျှောက်လာတုန်း ဟိုတုန်းက ပေါက်ကျိုင်း နှပ်တွဲလဲ ဘော်ဘော် တွေရဲ့ မဟာ့မဟာသောက်မြင်အလွန်ကပ်တဲ့ လူကြမ်း ချီးဘူး တို့တစ်သိုက် က မင်းသမီးကို ထိကပါးရိကပါး လုပ် မင်းသားက တောင်းပန် ချီးဘူး က သူ့ရဲ့မူပိုင်အိုက်တင်ဖြစ်တဲ့ မှန်ထိုးထားလို့ လက်လက်ထနေတဲ့ မဟာ လောက်စာလုံး ခေါင်းကို ထိပ်ကနေ လက်ယျာရစ်ပွတ်ရင်း နုတ်ခမ်းမွှေး တသသနဲ့ ငါးခူပြုံးပြုံးပြီး မင်းသားကို ရန်လုပ် မင်းသားနဲ့ချီးဘူး ဖိုက်တင်ပလေးကြ ..အဲဒီမှာ နှပ်ချေးပေါက်ကျိုင်း ကလေးပီပီ အလွန့်အလွန်သဘောခွေ့တဲ့ ဦးကျော် လုပ်ပုံလုပ်ပုံ....။

 တောင်းပန်နေတုန်း ချီးဘူး ထတဲ့ပြီး ဗိုက်ကို လက်သီးနဲ့ ထိုးလိုက်တော့ ဦးကျော် အကြောတွေဆွဲပြီး ဖြေးဖြေးချင်း မြေကြီး ပေါ်ကို ဒူးထောက်ဗိုက်ပွတ်ရင်း ကျသွား (ပေါက်ကျိုင်းထင်ပါတယ် )အဲဒီမြေကြီး ပေါ်မှာ ၂ မိနစ် လောက် လူးလိမ့် နေတာ .. ပြီး ဆလိုးမိုးရှင်းနဲ့ ထလာ ဘယ်လက်ကိုနံကြားမှာကပ် ညာလက်သီးစုတ်ကို ဖြေးဖြေးချင်းဆန့်ထုတ်..သူ့ရဲ့မူပိုင် သန်းခေါင်ရည်းစားခေါ်လေသံနဲ့ “ ယား “ လို့ အော်(အဲဒီ ယား လဲ ၂မိနှစ် လောက်ကြာပါတယ်..) လူကြမ်းချီးဘူးကလဲ ဦးကျော် ပြန်အထိုးကို ယား တာမပြီးသေးခင် စိတ်ရှည်လက်ရှည်စောင့် ..(အဲဒီ အချိန်မှာ နှပ်ချေးပေါက်ကျိုင်း စိတ်ထဲရွစိရွစိ ဖြစ်နေပြီ ) ဦးကျော် က ချီးဘူးမျက်ခွက် ကို လက်သီးနဲ့ အသာထိုးလိုက်တာ ချီးဘူး နောက်ဂျွှမ်းထိုးပြီး လဲ ကျသွား တော့ နှပ်ချေးပေါက်ကျိုင်း ပါးစပ်ကနေ လွှတ်ကနဲ ကျော်ဟိန်းကြီး မိုက်တယ်ကွာ လို့အော်မိလားမသိ..စိတ်ထဲကပ်မိတဲ့ အချိန်မှာတော့ လက်ခုပ်ကိုအားရပါးရတီးနေတုန်း။…” ကပ်” ဆိုတဲ့ အသံပြဲ ကြီး ကြားမိတော့မှ နှပ်ချေးပေါက်ကျိုင်းအလန့်တကြား ဘေးဘီကိုကြည့်မိတော့ မှန်ထိုးသမားတွေ မိုက်ခွက်မ, ကင်မရာမင်း လူအားလုံး နှပ်ချေးပေါက်ကျိုင်းကို ဘီလူးချဉ်ဖတ်စားမိသလို မျက်နှာတွေနဲ့ ဝိုင်းကြည့်နေပြီ..။

နှပ်ချေး ပေါက်ကျိုင်း လဲဟိုဟိုဒီဒီ ဘေးဘယ်ကြည့် လက်မ ကိုစုပ် မျက်နှာအငယ်သားနဲ့ ။..ဦးလေးကလဲ “ ဟေ့ကောင် ပေါက်ကျိုင်း ဒါရုပ်ရှင်ရိုက်နေတာကွ တောမှန်းတောင်မှန်းသောက်မှန်းမသိတဲ့ လဒူတောသားရဲ့ “ ဆိုပြီး ရှက်ရမ်းရမ်း နားထင်ကိုနှစ်ခါဆွဲလိမ်ပြီးပြီ...။ အဲဒီအချိန်မှာဘဲ (ပေါက်ကျိုင်းအထင်တော့ ဒါရိုက်တာ ဦးဝင်းဖေ ထင်ပါတယ် ) ပေါက်ကျိုင်းတို့ခေါ်ခေါ်နေတဲ့ ဂျပိုးဦးထုပ်ဆောင်းထားတဲ့ သူတစ်ယောက် ပေါက်ကျိုင်းဦးလေးကို စွတ်ဟောက်နေတော့တာ..။ “ ဟေ့လူ ခင်ဗျားဒါရုပ်ရှင်ရိုက်နေတာမသိဘူးလား ကိုယ့်ကလေးကို မထိန်းထားဘူးလား ဖလင်ဈေးက ဘယ်လောက်လဲသိလား ရှုတင်တစ်နေ့စားရိတ်က ဘယ်လောက်လဲသိလား “ တလားလားနဲ့ဆိုတော့.. သူလဲရှက်ရမ်းရမ်းမိပြီး နားထင်ဆွဲ၂ ခါးစောင်းလီမ် ၃ နားရင်းအုပ် ၁ နဲ့ အသားလွတ်ကိုတွယ်တော့ နှပ်ချေးပေါက်ကျိုင်း ရဲ့ ဝဏ္ဍကျော်ထင်စိန်အောင်မင်းတောင်အရူံးပေးရတဲ့ ငိုသံပြဲက အဲဒီ ရုပ်ရှင်ခြံထဲမှာ သောသောညံ….. ။ ဟုတ်မှာ ပေါက်ကျိုင်းဦးလေးက လူပျိုလေး ဆိုတော့ ခမျာ ရှက်ရှာမှာပေါ့.. သူ့မျက်လုံးက မင်းသမီး ဆွေဇင်ထိုက် ဆီနားမှာ တဝဲဝဲ ကိုး….။

ဒီလိုနဲ့ ပေါက်ကျိုင်းက အော် ဦးလေးကဆော် နဲ့ သောသောညံ ကနေ ဗြုန်းဆို ဦးကျော် တစ်ယောက် သူ့ရေခဲဗူး ထဲ တစ်ခုခုနိုက်ပြီး ပေါက်ကျိုင်း ဆီကို စောင်းငန်းစောင်းငန်းနဲ့ ရောက်လာပါတယ် ..။ ဦးလေး က ပေါက်ကျိုင်းကိုတွယ်ပြီးပြီဆိုတော့ ဘာများထပ်လုပ်အုံးမလဲ ထင်ပြီး အလစ်ကို မပေးရဲတော့ဘူး..။ ဟုတ်တယ်လေ သူတို့ ရုပ်ရှင် ရိုက်တာပျက်သွားတယ်ဆိုပြီး ကလေးတွေးနဲ့ ဘေးဘီကြည့်ပြီး ပြေးဖို့ အပေါက်ရှာနေပြီ..။
အမှန်တော့ ဦးကျော်ကိုင်လာတာက ငယ်ငယ်ကခေါ်ဝေါ်နေတဲ့ ဘိလပ်ရည် ဆိုတဲ့ အချိုရည်ပုလင်းကို ဖွင့်ပြီး ပေါက်ကျိုင်းကိုသောက်ဖို့ပေးရင်း မငိုဖို့ သူ့ကိုချစ်ရင် ငြိမ်ငြိမ်လေး ကြည့်ဖို့ နောက်တစ်ခန်းကျရင် ချီးဘူးကို သူ မထနိုင်အောင် အပြတ်ချပစ်မှာလို့ ပြောပြီး ခုန က ဇတ်ဝင်ခန်း ကိုပြန်ရိုက်ပါရော..။ အဲဒီအခါမှ ပေါက်ကျိုင်းမလဲ ဘိလပ်ရည် ကိုစုပ်လိုက် နှပ်ကိုသုတ်လိုက် ဦလေးဆီကိုကြည့်လိုက် ကားရိုက်နေတာကို ကြည့်လိုက်နဲ့ တောင်ကြီးက ကောင်တွေကို ကြွားရတော့မဟေ့ ဆိုတဲ့ အတွေးနဲ့ ပီတိတွေတဝေဝေ ….။ ဦးလေးကိုသာ ကြောက်နေရလို့ သတိထားနေရတာ သူ မလဲ မင်းသမီး နဲ့ ပါလာတဲ့ ရွယ်တူကောင်မလေး တစ်ယောက်နဲ့ မျက်လုံးချင်းတစ်ချိတ်ချိတ်နဲ့ အမယ်…သူလဲ ပီတိတွေတစ်ဝေဝေ….။
နောက်ဆုံး ..အရှံးထဲကအမြတ် ဆိုသလို ဦးကျော်ရဲ့ဘိလပ်ရည် နဲ့အချော့ခံ ပေါက်ကျိုင်း ပြီး မင်းသမီး ဆွေဇင်ထိုက် အော်တိုလက်မှတ်နဲ့ ပြုံးဖြီးဖြီး ပေါက်ကျိုင်းဦးလေး တူဝရီးနှစ်ယောက်သား သာကေတကို
ကားတိုးစီး ပြီး ပြန်ခဲ့ကြောင်းပါ..။

ဟောဗျာ..အခု ပေါက်ကျိုင်း ဦးကျော်ရဲ့ဓါတ်ပုံလေးတွေ လိုချင်လို့ ရှာတုန်း ဒီစာမျက်နှာ နဲ့ဒီစာမျက်နှာ မှာ သူ့ရဲ့အကောင်းအဆိုး သူသူငါငါ အတွေးအမြင်တွေကိုမြင်ရသဗျ..။

(ပေါက်ကျိုင်း မလဲ ဦးကျော် သာဿနာ့ ဘောင်ဝင်သွားပြီ ဆိုပြီး ဝမ်းသာအားရ သွားကတော့ ဖို့လုပ်နေတုန်း ဗြုန်းဆို လူထွက်သွားပြီ ဆိုတော့ အူတူတူ လဒူပေါက်ကျိုင်းတစ်ယောက် အချိုရည်တစ်ကပ် ဝယ်ထားပြီး..အူလည်လည်..)