Pages

Monday, February 1, 2010

ဗေဒင်တွက်ကြည့်ကြည့်ရအောင်ဗျာ..


တွက်နည်းမှာ မွေးရက် မွေးချိန်နဲ့ မြို့ကို ထည့်ပေးပါ။ ထိုသို့ တွက်၍ ရလာသောအခါ “လ” ဟုရေးသားထားသော စာလုံးကို လိုက်ရှာပါ။ အထက်ပါ ဇယားထဲမှ မိဿခွင်တွင် တွေ့ပါက မိဿလဂ်ကိုဖတ်ပါ။ ပြိဿခွင်တွင်တွေ့ပါက ပြိဿလဂ်ကိုဖတ်ပါ။ မေထုန်တွင် လဂ်ကိုတွေ့ပါက မေထုန်လဂ်ကို ဖတ်ပါ။

မိဿလဂ်
မိဿလဂ်၌ ဖွားသောသူသည် ဒေါသကြီးတတ်၏။ ဒေသန္တရခရီးကို သွားလိုခြင်း လောဘကြီးခြင်း ပိန်ရှည်သောကိုယ်ရှိခြင်း မိတ်သင်္ဂဟနည်းခြင်း ရဲစွမ်းသတ္တိရှိခြင်း စကားနည်းခြင်း အသံမပီခြင်း လေရောဂါနှင့် သည်းခြေရောဂါရှိခြင်း ကိုယ်ခန္ဓာခြောက်သွေ့ခြင်း အချိန်မရွေးစားသောက်တတ်သော အကျင့်ရှိခြင်း ကြောက်ရွံ့ဖွယ်အလုပ်ကို အောင်မြင်ခြင်း နီရဲ၍ ဒေါသကြီးသော မျက်လုံးသဏ္ဍာန်ရှိခြင်း စိတ်ဖောက်ပြန်ခြင်း အသင့်အတင့်ဗဟုသုတရှိခြင်း သူတပါးကို ပျက်စီးအောင် ကြံနိုင်စွမ်းခြင်း ပုံမလှသော လက်သည်းခြေသည်းရှိခြင်း မောင်နှမနည်းခြင်း မိဘအပေါ် ပြုစုရခြင်း ဖျတ်ဖျတ်လတ်လတ်ရှိခြင်း၊ မလိမ္မာသော သားသမီးရခြင်း ဥစ္စာပစ္စည်းချမ်းသာခြင်း အကျင့်သီလရှိခြင်း အမျိုးဂုဏ်ကို မြှင့်တင်နိုင်ခြင်း ဆွေမျိုးသားချင်း အပေါင်းအသင်းများ၏ အကျိုးတို့ကို ဆောင်ရွက်ခြင်း အင်္ဂါချို့ယွင်းသော မိန်းမရခြင်း ပင်ပန်းစွာလုပ်ကိုင်၍ တိုးတက်ကြီးပွားအောင် လုပ်ခြင်း အပေါင်းအသင်းများ၏ အကူအညီမရခြင်း တရားသဖြင့်သာ ငွေကိုရှာဖွေ စုဆောင်းတတ်ခြင်း စသည်တို့ဖြစ်၏

ပြိဿလဂ်
ပြိဿလဂ်၌ ဖွားသောသူသည် အကျိုးအပြစ်ကို ဝေဖန်နိုင်စွမ်းရှိခြင်း စီးပွားချမ်းသာနှင့် ပြည့်စုံခြင်း ဆရာမိဘနှင့် ရိုသေထိုက်သော သူတို့ကို ကြည်ညိုလေးစားမှုရှိခြင်း စစ်တိုက်လိုသော ၀ါသနာရှိခြင်း အတိုက်အခံပြုခြင်းကို နှစ်သက်ခြင်း ဉာဏ်ပညာထက်မြက်ခြင်း ခွန်အားရှိခြင်း ချိုသာသော စကားကို ပြောခြင်း တည်ကြည်ဖြောင့်မတ်ခြင်း ဂုဏ်ကျက်သရေနှင့် ပြည့်စုံခြင်း ကျော်စောထင်ရှားခြင်း အ၀တ်တန်ဆာတို့ကို မက်မောတတ်ခြင်း အသောက်အစားကြီးခြင်း ဖခင်အမွေကို ခံစားခွင့်ရှိခြင်း အရောင်းအ၀ယ်၌လိမ္မာခြင်း ကျယ်ပြန့်သော ရင်ဘတ်ရှိခြင်း ကာမဂုဏ်အားကြီးခြင်း ဆွေမျိုးသားချင်း အပေါင်းအသင်းများကို ဒုက္ခပေးခြင်း တရားနှင့် ဆန့်ကျင်သော အလုပ်တို့ကို လုပ်ကိုင်ခြင်း လောင်းကစားရာ၌ စွဲလန်းခြင်း ရေကူးခြင်း၌ ပျော်မွေ့တတ်ခြင်း ဥယျာဉ်ခြံလယ်ယာတို့၌ ကျွမ်းကျင်ခြင်း သလိပ်ရောဂါရှိခြင်း လင်ငယ်ထားတတ်သော မိန်းမကို ရတတ်ခြင်း မိမိကို အားကိုးသော သူအပေါင်းတို့အား ဒုက္ခအတွင်းမှ ကယ်တင်လိုခြင်း ကြမ်းကြုတ်ရက်စက်၍ ကြောက်မက်ဖွယ်ကောင်းသော မိတ်ဆွေများရှိခြင်းတို့ ဖြစ်၏။

မေထုန်လဂ်
မေထုန်လဂ်၌ ဖွားသောသူသည် စည်းစိမ်ခံစားလိုခြင်း အလှူဒါနပြုလိုသော ဆန္ဒရှိခြင်း မိတ်ဆွေပေါများခြင်း သားသမီးများခြင်း အရေးကြီးသော အတွင်းရေးပြဿနာများကို အကြံဉာဏ်ပေးနိုင်ခြင်း ဥစ္စာပစ္စည်းရှိခြင်း အကျင့်စာရိတ္တကောင်းခြင်း မင်းအစိုးရ၏ ချီးမြှောက်ခြင်းကို ခံရခြင်း အပေါင်းအသင်း မိတ်ဆွေများကို ကူညီစောင့်ရှောက်တတ်ခြင်း သနားကြင်နာတတ်သော စိတ်ရှိခြင်း ဂုဏ်သရေတိုးပွားခြင်း ၀ိပဿနာတရားကို နားလည်ကျွမ်းကျင်ခြင်း ယောဂီကျင့်စဉ်တို့ကို ကျင့်တတ်ခြင်း သူတော်ကောင်း ပုဂ္ဂိုလ်တို့ကို နှစ်သက်ကြည်ညိုခြင်း မိန်းမများ၏ ကြိုက်နှစ်သက်မှုကို ခံရခြင်း ရောဂါဝေဒနာ ခံစားရခြင်း လောကီလောကုတ္တရာ ကျမ်းဂန်များ၌ ဆိုလိုရင်း အဓိပ္ပါယ်ကို စိစစ်၍ ထုတ်ယူတတ်သော ဉာဏ်ပညာရှိခြင်း သဘင်ပညာ၌ ကျွမ်းကျင်မှုရှိခြင်း ကာမဂုဏ်လိုက်စားခြင်း လှပတင့်တယ်သော မိန်းမကိုရခြင်း သူတပါး၏ ပူဇော်ခံရခြင်း အလုပ်အကိုင်၌ ကျွမ်းကျင်လိမ္မာခြင်း လုံ့လ၀ီရိယနည်းခြင်း အပျင်းကြီးခြင်း စကားအပြောအဆို၌ လိမ္မာကျွမ်းကျင်ခြင်း နူးညံ့သိမ်မွေ့ခြင်း မြွေအဆိပ် တိရစ္ဆာန် ရေ အစရှိသော ဘေးအန္တရာယ်တို့ကို တွေ့တတ်ခြင်း စသည်တို့ဖြစ်၏။

ကာရကဋ်လဂ်
ကာရကဋ်လဂ်၌ ဖွားသောသူသည် အိမ်၌နေလိုခြင်း အဆောက်အဦများစွာရှိခြင်း ဘုရားတရားကို ကြည်ညိုခြင်း သူတော်ကောင်းတရားကို မှီခိုခြင်း ကုသိုလ်ဒါနရေးကို စိတ်ဝင်စားခြင်း အလှူဒါနပြုတတ်ခြင်း မွန်မြတ်သော စိတ်ထားရှိခြင်း သလိပ်ရောဂါရှိတတ်ခြင်း ဆိုးတေသောသားကို ရတတ်ခြင်း မိမိအကျိုးစီးပွားကို အပျက်ခံ၍ သူတပါးအကျိုးကို ဆောင်ရွက်ခြင်း လူအပေါင်းတို့၏ အပူဇော်ကို ခံရခြင်း သောက ဒုက္ခတွေ့လျှင် တုန်လှုပ်ခြင်းမရှိဘဲ ရင်ဆိုင်လိုသော ဆန္ဒရှိခြင်း တည်ကြည်ဖြောင့်မတ်ခြင်း ရောဂါများခြင်း ကာမဆန္ဒအားကြီးခြင်း ဒေသန္တရခရီးသွားလိုခြင်း သမီးများခြင်း ဥစ္စာပစ္စည်းချမ်းသာခြင်းတို့ဖြစ်၏။

သိဟ်လဂ်
သိဟ်လဂ်၌ ဖွားသောသူသည် မည်မျှပင် ဆင်းရဲနှင့် တွေ့စေကာမူ သည်းခံနိုင်ခြင်း စိတ်ပြင်းထန်၍ ခေါင်းမာတတ်ခြင်း တောင့်တင်းသော ပခုံးရှိခြင်း ကျယ်ပြန့်သောရင်ရှိခြင်း မင်းအစိုးရချီးမြှောက်ခြင်းကို ခံရခြင်း တည်ကြည်ဖြောင့်မတ်ခြင်း ရှေ့နောက် မျှော်မြင်ဝေဖန်တတ်ခြင်း နက်နဲသော အသိဉာဏ်ရှိခြင်း ခွန်အားဗလရှိခြင်း သားငါးကို နှစ်သက်ခြင်း စကားအပြောနည်းခြင်း ရယ်ရွှင်ဖွယ်ပြောတတ်ခြင်း တောတောင်ဒေသကို နှစ်လိုခြင်း အမဲလိုက်သော ဆန္ဒရှိခြင်း စားချင်သောအာဟာရကို စားရမှ ကျေနပ်ခြင်း ကာမဂုဏ်အားကြီးခြင်း ရန်သူကို နိုင်ခြင်း မိမိအကျိုးစီးပွားကို ဖြစ်စေခြင်းငှါ ဆွေမျိုးသားချင်းအပေါင်းတို့၏ အလုပ်ကို ဆောင်ရွက်ပေးခြင်း လယ်ယာစိုက်ပျိုးခြင်းဖြင့် ချမ်းသာခြင်း မိတ်ဆွေကောင်းရှိခြင်း အသုံးအစွဲကြီးခြင်း မိမိဘာသာတရား ထုံးတမ်းစဉ်လာကို ဆန့်ကျင်တတ်ခြင်း မစာသင့်သော အာဟာရကို စားတတ်ခြင်း စသည်တို့ဖြစ်၏။

ကန်လဂ်
ကန်လက်၌ ဖွားသောသူသည် အလုပ်အကိုင်လုပ်ရာ၌ ကျွမ်းကျင်မှုရှိခြင်း ကျက်သရေတိုးခြင်း စီးပွားချမ်းသာနှင့် ပြည့်စုံခြင်း မှတ်ဉာဏ်ကောင်းခြင်း ပညာရှိ သုခမိန်ဖြစ်တတ်ခြင်း ကာမစည်းစိမ်ခံစားမှုကို အပြည့်အ၀ရရှိခြင်း အပေါင်းအသင်းမိတ်ဆွေများ အပေါ်တွင် ချစ်ချစ်ခင်ခင်ရှိတတ်ခြင်းတို့ဖြစ်၏

တူလဂ်
တူလဂ်၌ ဖွားသောသူသည် ဂုဏ်ကျက်သရေနှင့် ပြည့်စုံခြင်း ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာခြင်း အရောင်းအ၀ယ်လုပ်ငန်း၌ ကျွမ်းကျင်လိမ္မာခြင်း အမျိုးအနွယ် ဂုဏ်ကို မြင့်တင်နိုင်ခြင်း ခန္ဓာမဖွံ့ဖြိုးခြင်း ဖခင်နှင့် ဆွေမျိုးသားချင်းတို့၏ အားကိုးရာဖြစ်ခြင်း ဆရာသမားတို့ကို ရိုသေကိုင်းရှိုင်းခြင်း တရားစောင့်ထိန်းခြင်း ခရီးသွားရာ၌ ၀ါသနာပါခြင်းတို့ဖြစ်၏။

ဗြိစ္ဆာလဂ်
ဗြိစ္ဆာလဂ်၌ ဖွားသောသူသည် ဒေါသကြီးခြင်း သည်းခံနိုင်စွမ်းနည်းခြင်း မင်းပူဇော်ခံရခြင်း ဂုဏ်ကျက်သရေရှိခြင်း သျှတ္တရကျမ်း၌ ညွှန်ပြသော စကားကို မှတ်သား လေ့လာနိုင်စွမ်းရှိခြင်း ရန်သူကို နိုင်ခြင်း ရှေ့နောက်ဝေဖန်ဆုံးဖြတ်တတ်ခြင်း ခက်ခဲနက်နဲသော ပညာများကို တတ်မြောက်တတ်ခြင်း ရန်သူများကို အောင်မြင်ခြင်း၊ ရှေ့နောက် ဝေဖန်သုံးသပ်တတ်ခြင်း ခက်ခဲသော ပညာများကို တတ်မြောက်ခြင်း ပူပင်မှုကင်းခြင်း စသည်တို့ ဖြစ်၏။

ဓနုလဂ်
ဓနုလဂ်၌ ဖွားသောသူသည် မင်းအစိုးရ၏ အကျိုးကို ဆောင်ရွက်ရာတွင် ကောင်းကျိုးပေးတတ်၏။ တိုင်းပြည်၏ အကျိုးဆောင်ဖြစ်တတ်၏။ ဉာဏ်ထက်မြက်၏။ သစ္စာကတိတည်၏။ ကာမအားကြီး၏။ အဆိုအက အတီးအမှုတ်ဝါသနာပါ၏။ သူတပါး အကျိုးကို ဆောင်ရွက်လိုသော စိတ်ရှိ၏။ ကျမ်းပေါင်းစုံ ပညာစွယ်စုံ တတ်မြောက်၏။ ဒေါသကြီး၏။ သန့်ရှင်းသော စိတ်ရှိ၏။ မိမိရည်ရွယ် ဆုံးဖြတ်သည့်အတိုင်း ပြုလုပ်တတ်၏။ အမျိုးအနွယ်၏ ထုံးတမ်းစဉ်လာကို မြတ်နိုး၏။ သလိပ်အားကြီး၏။ ပါးစပ်မှာ အနာဖြစ်တတ်၏။ အပေါင်းအသင်း မိတ်ဆွေများကို ချစ်မြတ်နိုး၏။ စက်မှုလက်မှု၌ ၀ါသနာပါ၏။ ခွန်အားဗလနှင့် ပြည့်စုံသော ၀ါသနာပါ၏။ စစ်ရေးတိုက်ခိုက်ရာတွင် ထူးချွန်စွာ နိုင်နင်းတတ်၏။

မကာရလဂ်
မကာရလဂ်၌ ဖွားသောသူသည် ရေဘက်ဆိုင်ရာ၌ ကျွမ်းကျင်၏။ အလွန်ထိတ်လန့်ကြောက်မက်ဖွယ် ကောင်းသော ဘေးတွေ့တတ်၏။ နိယာမတရားကို သံသယဖြစ်၍ ယုံကြည်မှု ကင်းမဲ့တတ်၏။ အရပ်အမောင်းကောင်း၏။ ကောက်ကျစ်စဉ်းလဲလိုသော စိတ်ရှိ၏။

ကုမ်လဂ်
ကုမ်လဂ်၌ ဖွားသောသူသည် မတည်ငြိမ်သော စိတ်ရှိ၏။ ချစ်သူကို စွဲလန်းတတ်၏။ ရာဂတဏှာနှင့် ပတ်သက်၍ အာရုံစူးစိုက်လေ့ရှိ၏။ စကားအပြန်အလှန်ပြောရာတွင် ပါးနပ်လိမ္မာ၏။ သူတပါး မယားကို ပြစ်မှားတတ်၏။ သွေးအေးအေးနဲ့ အလုပ်ကို လုပ်ကိုင်တတ်၏။ သုခချမ်းသာနှင့် ပြည့်စုံမည်။
မိန်လဂ်
မိန်လဂ်၌ ဖွားသောသူသည် အလုပ်အကိုင်တွင် ကျွမ်းကျင်၏။ အစားနည်း၏ ချစ်မြတ်နိုးသော သူ၏ အကျိုးကို ဆောင်ရွက်လိုစိတ်ရှိ၏။ ဘုန်းတန်ခိုးကြီး၏။ စာပေကျမ်းဂန်ဘက်၌ တတ်မြောက်၏။ အဖိုးထိုက်တန်သော ကျောက်မျက်ရတနာ ရွှေငွေနဲ့ ပြည့်စုံသော လူချမ်းသာဖြစ်နိုင်၏။ ကာမဂုဏ်အားနည်း၏။ စိတ်ဓာတ်မကြာခဏ ပြောင်းလဲတတ်၏။ စကားအမျိုးမျိုး လှည့်ပတ်၍ လိမ်လည်တတ်၏။ ဖျော်ရည်အစရှိသော အဖျော်ရည်ကို သောက်လိုသော ဆန္ဒရှိ၏။ ပညာရှိ သုခမိန်ဖြစ်နိုင်၏။ သန်ရှင်းစွာ နေတတ်၏။ တရားလမ်းစဉ်ကို လိုက်နာတတ်၏၊ နူးညံ့သိမ်မွေ့သော စိတ်ရှိ၏။ အလွမ်းအဆွေး သီချင်းများကို စပ်တတ်၏။ ဆိုလည်း ဆိုညည်းတတ်၏။ အနုပညာဘက်၌ လိမ္မာကျွမ်းကျင်၏။ အရည်အချင်း ပြည့်ဝသော မိန်းမနှင့် လက်ထပ်ရတတ်၏။ သူတပါး ယုံကြည်ခြင်းကို ခံရတတ်၏။ ဂုဏ်ကျက်သရေနှင့် ပြည့်စုံတတ်၏။