Pages

Sunday, April 4, 2010

ဒီလင် ဒီမယား..

အူတူတူ လဒူပေါက်ကျိုင်းတစ်ယောက် သွားပါများခရီးမရောက် ဘဲ ဖိနပ် ပေါက်လို့ ရွှေပြည်ကြီး ကို ထော့နင်းထော့နင်းနဲ့ ပြန်လာချိန်တုန်းကပါ… ဝေလေလေပေါက်ကျိုင်း ထီးထမ်းလမ်းလျှောက် နေချိန်တွင်းမှာ ရွှေပြည်ကြီး ဟာ တိုးတက်မြင့်မားသွားတာ အံ့သြတကြီးဖြစ်လို့ခင်ဗျ..

 မီး ကလေးပျက်တာ ခြင်ကလေး ကိုက်တာ ကလွဲရင်ပေါ့လေ .. တောသားမြို့တက် သလို ပေါက်ကျိုင်းတစ်ကောင် ခေါက်ထီးလေး လက်မောင်းကြားညှပ် ပူအိုက်လွန်းလို့ ပုဆိုးလေး အနားနှစ်ဖက် မကာမကာ ဖွားဖက်တော်ကို လေသလပ်ခံပေးရင်း နဲ့ ဟိုနား ဆိုလဲ ဝင်းငေးလိုက် ဒီနား ဆိုလဲ ဝင်မော့လိုက် ( လမ်းကြိုလမ်းကြား ဘီအီး တင်းကုတ်လေးတွေ ကလဲ မှိုပေါက်သလို ပေါ သကိုး ) အမျိုးများတဲ့ ပေါက်ကျိုင်း တစ်အိမ်တက်ဆင်း အပင်းတက်အောင်မျိုဆို့ အဖေရှိတဲ့ တပ်မတော်ဆေးသက္ကသိုလ် ကို အဝတ်ကလေး လျှော်ပေးသလိုလို အခန်းသန့်ရှင်းရေး လုပ်ပေးသလိုလိုနဲ့ မုန့်ဖိုးတောင်း .. ပြီး ပေါက်ကျိုင်း ငယ်ပေါင်း သနပ်ခါးအောင်ဆွေ နဲ့ ပဲပုပ်မ ဆီ သုံးလေးရက်တစ်ခါ ညအိပ်ပြီး ဒီလင်မယား နှောင်ဂျိန်ပလေး ရအောင် အချွန်နဲ့ မြောက်ထိုးပင့်ကော် သွားလုပ် နဲ့ အလုပ်အကိုင်မရှိ တစ်ရာ့ကိုးတစ်ရာ့တစ်ဆယ် ပေါက်ကျိုင်း အားအားယားယား တဝေထိုးနေတဲ့ အချိန်ပေါ့ ခင်ဗျား…။

တစ်နေ့တော့ ပေါက်ကျိုင်း ဒီနေ့ သနပ်ခါးနဲ့ပဲပုပ် ဆီ ဓါတ်စာ ကျ သဟ ဆိုပြီး ဂန္ဒာရီ လှည့် ပါလေရော.. သနပ်ခါးတို့ရဲ့အိမ်က အခု ရန်ကုန်မှာ ထိပ်ထိပ်ကျဲ ဈေးကြီးလှတဲ့ လူကုံတန် ရပ်ကွက်တစ်ခုမှာပါ.. ရှမ်းပြည်က လက်နက်စွန့် ရာဇာကြီး တစ်ဦး ရဲ့ လူယုံကြီး သနပ်ခါး အဖို့ အမ်ဒီ ကြီး အဖြစ်နဲ့ ဒီလိုနေရာမှာ နေရတယ်ဆိုတော့ မဆန်းဘူးပေါ့ခင်ဗျ.. ထီးထမ်းလမ်းလမ်းလျှောက်ပေါက်ကျိုင်း မဟုတ်တော့တဲ့ ထီးချိုင်းကြားညှပ် ပေါက်ကျိုင်းတစ်ကောင် သူတို့အိမ်ကို ဘယ်လောက်များ ဝင်ထွက် သွားလာ မျိုဆို့ နေသလဲ ဆိုရင် အိမ်ခြံဝ ဘဲလ် လေးနှိပ်လိုက်လို့ ပေါက်ကျိုင်း ကို မြင်လိုက်ရုံနဲ့ဘဲ ပဲပုပ်အချစ်တော် အယ်ဇေးရှင်း ခွေးကြီးနှစ်ကောင် ဂျက်ကီချမ်း နဲ့ မော်လီ တို့ နားရွက်တစ်ထောင်ထောင် အမြှီးတစန်နှံ့နှံ့ နဲ့ လွှားကနဲလွှားကနဲ ပြေးခုန်တက် ပါးလျှက်နားလျှက် လုပ်တော့တာ အဲဒီလို ပေါက်ကျိုင်း..။

သနပ်ခါး ပဲပုပ် တို့များ ပေါက်ကျိုင်း လာပြီဆိုရင် နားရင်းရိုက်ကလိထိုးနဲ့ ဝမ်းသာအားရ ကြိုမြဲ ..အမြဲတမ်းခွက်ပြောင်နေတဲ့ ပေါက်ကျိုင်းကိုတွေ့ရင် ငယ်ဘဝကို သတိရ အသက်တစ်ဝက် နုပျိုသွားတယ် ဆိုလား သူတို့ပြောပြောနေတဲ့ စကားပါ .. အရည်လေး ပဲပုပ် မသိအောင် ခိုးခိုး ကစ်နေရတဲ့ သနပ်ခါး တစ်ယောက်

ပေါက်ကျိုင်း လာပြီများ ဆိုရင် တပည့်တွေကန်တော့ထားတဲ့ အရက်ပုလင်း ကို အူယားဖာယား ဖွင့် ပဲပုပ်မ ကို အမြည်းလုပ်ခိုင်း နဲ့ ပေါက်ကျိုင်းမျက်စိကိုနောက်ရော..တစ်ညတာ မျိုဆို့ခွင့် ပါမစ် ရသွားပြီကိုး.. အမယ် သူကတောင် နှာခေါင်းတစ်ရှုံ့ရှုံ့ နဲ့ ပဲပုပ်မ ကြားအောင် ပြောသေး သဗျား...

“ မင်း လာလို့သာ ဒါတွေနဲ့ ဧည့်ခံ ရတာ ငါ့မလဲ ဘုရားတရား ဖက် စိတ်ပါသွားတော့ တယ်လဲ သောက်ချင်စိတ် မရှိပါဘူး မောင်ရာ… ဂလု ”

အဲဒီလို .. ဒါပေမဲ့ ငယ်ငယ်ကထဲ က တစ်ယောက်ကိုတစ်ယောက် အူမချေးခါး ပါ မကျန် သိနေတဲ့ ပဲပုပ် ကတော့ အမြည်းတိုတိုထွာထွာ လေး လာချပေးရင်းနဲ့ သနပ်ခါး ကို မျက်စောင်း တစ်ထိုးထိုး..။

ဒီလိုနဲ့ ပေါက်ကျိုင်းတို့ တောင်ကြီးမှာလို ဧည့်ခန်း ကြမ်းပြင်မှာ ပုလင်းအမြည်း ချ တင်ပျဉ်ခွေ ကျကျနန ချိတ်ပြီး အောက်စက်ထဲ ပေါက်ကျိုင်းလာရင်ထဲ့နေကျ တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံ ပြိုင်ပွဲ မှတ်တမ်းခွေလေး ကြည့်ရင်း အရက်ကလေး မော့လိုက် အမြည်းလေး ဝါး လိုက်နဲ့ ဇရက်မင်းစည်းစိမ် ကနေ ပုလင်းတစ်ဝက်လဲ ကျိုးရော ခွေးမင်းစည်းစိမ် ဖြစ်လာရော ဆိုပါတော့ … အဲဒီမှာ သနပ်ခါး ငယ်ငယ် ကလို သောက်ရူးသွေး စလာပါပြီ ...

ပေါက်ကျိုင်းတို့ တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံ ပြိုင်ပွဲ တွေမှာဆို ရင် မရှိမဖြစ် မပါမဖြစ် ဓနုအိုးစည်ဝိုင်း ကို ပြိုင်ပွဲဝင်တဲ့ အဖွဲ့တိုင်း ပါ ပါတယ်ခင်ဗျ.. ဒီ အိုးစည်ဝိုင်း က တစ်ချိန်းချိန်းတီးတဲ့ နောင်ဗိန်နောင်း အသံကြားရင် ပေါက်ကျိုင်းတို့ တောင်ကြီးသားတွေ စိတ်ထဲ ဖျဉ်းကနဲ မရိုးမရွ ဖြစ်လာပြီး ဓါးသိုင်းလက်သိုင်း အလှအပတွေနဲ့ စည်းချက်နဲ့ ကပါရောခင်ဗျ..။

တောင်ကြီးသွေးအပြည့်ပါတဲ့ သောက်ရူးသနပ်ခါး .. ဒီခွေထဲက တစ်ချိန်းချိန်းထုနေတဲ့ အိုးစည်သံလဲကြားရော မပြောမဆို ထတဲ့ပြီး ဗလငါးတန်ပြည့်စုံတဲ့ အရိုးခြောက် ဒီကောင် ပုဆိုးခါးတောင်းမြှောင်အောင်ကျိုက် .. ရေချိုးခန်းထဲက သဘက်ကြီး ခေါင်းမှာ ဖိုးယို့ဖားယား ပေါင်းပြီး အမူးသမားချေးပုံရှောင် သိုင်းကွက်တွေနဲ့ ကိုးယို့ကားယား ကပါလေရောဗျား..

ငမြောက်ကြီးပေါက်ကျိုင်း ကတော့ အောက်မှာ တင်ပျဉ်ခွေကို အကျအနချိတ် ကောင်းလှချည်လား အကွက်လေးတွေက… နောက်ဂျွမ်းလေး ထိုးလိုက်ပါဦး ဖေ့သားလေးရဲ့ .. ရှေ့ဂျွမ်းလေးလဲ လုပ်ပါဦးဟဲ့ နဲ့ တဟီးဟီးတဟားဟား အားပေးလိုက်တာ .. နားကလော မျက်စိနောက်တယ် ထင်ပ .. ပဲပုပ် အော် မှဘဲ ဒီ မ.. ရ .. က သနပ်ခါး ဂီလာန သိုင်းအက ကို ရပ်တော်မူ ပါတယ်..။

“ တဟီးဟီးတဟားဟား နဲ့ နင်တို့ ဘယ်လိုဖြစ်နေတာလဲ ကိုယ့်ကိုကိုယ် ကလေးတွေများ မှတ်နေလား ”

“ ဒီကောင် ပြောင်ကြီး သိုင်းကွက်တွေ မေ့တေ့တေ့ ဖြစ်နေပြီ ပြောလို့ ပြနေတာပါ ပဲပုပ် ရဲ့ အဟီး ”

“ ဘာပြတာလဲ ဘာပြတာလဲ ဟို ပြောင်ကြီးကလဲ မြှောက်ပေး .. နင်ကလဲ ဂွေးတက်အောင်က ဘုန်းကြီးရူးနဲ့လှေလူး သေချင်းဆိုးတွေ…”

“ ပဲပုပ် နော် ဒီကောင်အိမ်ကို တခါတလေ လာတုန်း မမေ့သေးတဲ့ အကွက်တွေ ထုတ်ပြနေရတာဟ နင်ကလဲ အဟီးဟီး ”

“ အရှက်ကိုမရှိ သူငယ်နာတောင်မစင်သေးဘူး ဒီအရွယ်ကြီးနဲ့ ”

“ ပဲပုပ်မ လွန်လာပြီနော် ငါ ဖြတ်ရိုက်လိုက်ရ နာတော့မယ် ”

“ အမယ် အမယ် ငါ့ကို ဘယ်တုန်းကများ ဒီလိုပြောဘူးလို့လဲ ပြောင်ကြီးရှေ့မှာ မရှိတဲ့ ပါဝါ ပြမနေနဲ့ လာလေ ထိရဲရင်ထိကြည့် ”

“ ဒီ မိန်းမ တော့ ကွာ ”

“ ဂုတ် ”

“ပဲပုပ် နင်ငါ့ကို ထုတယ် လက်ဝါးက အကြောင်းမရွေးဘူးနော် ”

“ ဂုတ်.. ဂုတ်… အောင်မယ်လေးဗျ ”

“ နင်ငါကို တကယ်လုပ်တယ် ငါကလဲ ..ဒီလို .. ”

“ ဂလောင်… အားလားလား.. ဆွဲပါဦးဟ..ပြောင်ကြီးရဲ့ သူ့ကို..အီးဟီးဟီး..”

ဂုတ် ဆိုတာက ပဲပုပ် လင်တော်မောင်သနပ်ခါးကို မယ်လမင်းပန်းကန်လုံးနဲ့ ထုလိုက်တဲ့ အသံပါ…ဂလောင် ဆိုတဲ့ အသံကတော့ အမြည်းသံပန်းကန်ပြားနဲ့ သနပ်ခါးနှဖူး ဖူးစာဆုံတဲ့ အသံပါ..၊ သူလက်ရွယ်တုန်းရှိသေး သွက်လိုက်သမှ တဂုတ်ဂုတ် နဲ့ ငယ်ငယ်ကလို ပဲပုပ်မ ပါဝါအပြည့်..၊ နောက်ဆုံးတော့ ထုံးစံအတိုင်း ဗလငါးတန်ပြည့်စုံတဲ့ အရိုးခြောက် သနပ်ခါး သာ အလံဖြူ ပြရသဗျား.. အကြောင်းသိ ပေါက်ကျိုင်း နဲ့ သူတို့ရဲ့ မျောက်လောင်းသားတော်မောင် ကတော့ သူတို့နှစ်ယောက်ကို ကြည့်ပြီး စပ်ဖြီးဖြီး… ဒီပွဲမှာ အလဲထိုးခံလိုက်ရလို့ ဒိုင်ပွဲရပ်သွားတောင်မှ ဒီကောင် သနပ်ခါး မကျေမချမ်းနဲ့ ပဲပုပ်နောက်ကွယ် ဘယ်လိုလုပ်လိုက်ရင် မကောင်းဘဲရှိရော့မယ်.. ဒီလိုလုပ်လိုက်ရင် ကျိုးကန်းကုန်တော့မယ်.. သနားလို့ လွတ်ပေးလိုက်တာ .. ဘာညာသာရကာ ပြောပြီး ပုဆိုးထဲကလက်သီးတပြင်ပြင်နဲ့…။

ပေါက်ကျိုင်းတို့တတွေ ရှေ့မှာထောင်ထားတဲ့ ပုလင်းလဲ ပြောင်သလင်းခါလို့ ပွဲသိမ်းပြီး ပေါက်ကျိုင်းအိပ်နေကျ အခန်းထဲမှာ မှိန်းနေတုန်း မောင်သနပ်ခါး ခေါင်းအုံးလေး ပိုက်ပြီး ဇီးရွက်လောက်ရှိတဲ့ မျက်နှာနဲ့ ရောက်လာပါရောလားဗျာ..

“ ဟေ့ကောင် သနပ်ခါး ဘာလာလုပ်တာလဲ ”

“ ပဲပုပ်က မောင်းချလို့ ဒီမှာအိပ်မလို့ ”

“ ကလေးသုံးယောက်တောင် ပေါက်ပြီးနေပြီ ဒီလောက် တုံးရ အရ ကြောက်ရ သလား သေချင်းဆိုးရဲ့ ကိုယ့်မိန်းမဘဲ ခပ်တည်တည်နဲ့ ဝင်အိပ်ပလိုက်ပေါ့ သွား ”

အဲဒါတောင် မသွားချင်သွားချင်နဲ့ ခေါင်းအုံးလေးပိုက်ပြီး ထွက်သွားပါရောခင်ဗျ.. ပေါက်ကျိုင်းမလဲ အရက်ကလေးတထွေထွေနဲ့ မှေးကနဲဖြစ်သွားတုန်း အအိပ်ဆတ်တဲ့ ပေါက်ကျိုင်း ကျောကတလှုပ်လှုပ်နဲ့ ဆိုတော့ကာ ငေါက်ကနဲ ထထိုင်ကြည့်လိုက်တော့ မ ရ က သနပ်ခါး ပေါက်ကျိုင်းနဘေးမှာ ကွေးကွေးလေးအိပ်နေတာ သနားစရာပင်ကောင်းသေးတော့ဗျာ..

“ သနပ်ခါး ထစမ်း ငါ ဆောင့်ကန်လိုက်ရ ဘာဖြစ်လို့ ပြန်လာအိပ်တာလဲ ”

“ ပဲပုပ် က သူ ဆီလာအိပ်ရင် အော် ပလိုက်မယ်လို့ပြောတယ် အဲဒါမို့ပါ သူငယ်ချင်း ရယ်....... ”

“ အော်ပစေပေါ့ကွ သူဖာသာသူ ခွန်နှစ်အိမ်ဘဲကြားကြား အရပ်ရှစ်မျက်နာဘဲကြားကြား ကိုယ့်မိန်းမဘဲ အူကျအောင် အော်ချင်အော်ပစေ ”

“ အိပ်ရဘူး တော်ကြာ သူ့ဗလကြီးနဲ့ ငါ့ကို ”

“ မင့် သား အကြီးကောင် အခန်းထဲသွားအိပ်ပေါ့ ဒါမှမဟုတ်ရင် ဧည့်ခန်းထဲ သွား ”

“ အကြီးကောင် က ညညဆို သေးပေါက်ချ သဟ .. နှစ်တန်းရောက်နေပြီ အခုထိသောက်ကျင့်မပျောက်သေးဘူး .. ဧည့်ခန်းထဲမှာ လဲ အိပ်ချင်ဘူးကွ မနက်မနက်ကို ငါ့တပည့်လင်မယား ဝင်လိုက်ထွက်လိုက်နဲ့ ရှက်စရာကြီး ”

ပေါက်ကျိုင်းမလဲ နှစ်ယောက်ကလဲ မအိပ်တတ် ဒီကောင်မယားကြောက်ကို စိတ်ကလဲတို နဲ့ သူမျက်နာကို စေ့စေ့စိုက်ကြည့်ပြီး…

“ အေး .. ပဲပုပ်မ အော်မှာကြောက်လို့ ဒီမှာလာအိပ်တယ် .. ဒီည ပဲပုပ်မ မအော်ဘဲနဲ့ မင်း မချိမဆန့် အော် ရလိမ့်မယ်.. ငါ တောထဲတောင်ထဲမှာ ငတ်ပြတ်လာတဲ့ကောင် သဘောပေါက်တယ်နော်.. ”

ဒီကောင် ပေါက်ကျိုင်းစကားဆုံးတော့ တွန့်ကနဲဖြစ်သွားပြီး အတင်းကုန်းရုံးထ ခေါင်းအုံးပိုက်ပြီး ပြူးပြူးပြာပြာ နဲ့ တချိုးထဲလစ်သွားလိုက်တာ ပေါက်ကျိုင်းမလဲ အေးအေးလူလူ အိပ်ရတော့တယ် ..အဟုတ်ဗျာ တကယ် သနပ်ခါး မိန်းမကြောက်လိုက်ပုံများ စိတ်ကိုလေသွားတယ်.. တကယ်…။

ညဉ့်နက်နက်မှ အိပ်ပျော်လို့ နေတော်တော်မြင့်မှ နိုးတော့ သနပ်ခါးတို့လင်မယား သားအကြီးကောင်ကျောင်းသွားဖို့ ပြင်ဆင်နေကြတာ ညတုန်းက အဖြစ်အပျက်တွေက သူတို့မဟုတ်သလို မဆိုင်သလို သူတို့စိတ်လိုလက်ရ ရှိရင် ခေါ်ခေါ်တတ်တဲ့ အောင် ရေ.. အီနော့ ရေ..နဲ့ ဖြစ်နေလိုက်ကြတာ နှစ်ယောက်လုံးကို နားရင်းပါးရင်း တွေ ကိုချည်းဘဲ ဖြတ်ရိုက်ချင်နေတော့တာ.. အဖေအမေတို့ ပေါက်ကျိုင်းသေပြီထင်လို့ ဆွမ်းသွတ်တဲ့ ညနေမှာ မွေးလို့ အိမ်နာမည် ပေါက်ကျိုင်း လို့ပေးထားတဲ့ သူတို့သား အကြီးကောင် ပညက်သွားရာ ဓါတ်သက်ပါ လို့လားမသိ .. ပေါက်ကျိုင်း လိုဘဲ ပြောင်စပ်စပ်နဲ့ ခင်ဗျ.. ။

ပေါက်ကျိုင်းတစ်ယောက် ဒီ ဂျူနီယာပေါက်ကျိုင်းပြောင်စပ်စပ်မျက်နှာကို တစိမ့်စိမ့်ကြည့်ပြီး ဒီလင်မယား ကို စချင်တာနဲ့

“ မင်း သားအကြီးကောင်က ငါနဲ့တူသဟ… မျက်နှာက ပြောင်စပ်စပ်နဲ့ .. ”

“ ဟုတ်တယ်.. ပြောင်ကြီး မင်းနဲ့တူတာမှ သောက်ခွက်ကော သောက်ကျင့်ကော ညည အိပ်ရာထဲမှာ သေးပေါက်ချတာ ကော အတူတူကွာ.. ချွတ်စွတ် ”

“ ဟုတ်လား အ ဟဲ ဟဲ … တူမှာပေါ့ ပဲပုပ် အတွက် ဟိုး တောထဲတောင်ထဲကနေ ငါ “ ပါဆယ် ” ပို့ပေးလိုက်တာကိုး ကွာလတီအပြည့် နဲ့ အ ဟေး ဟေး.. ”

သနပ်ခါးတို့ လင်မယား ပေါက်ကျိုင်းရဲ့ စကားဆန်း ပါဆယ် ဆိုတာကို ဇဝေဇဝါအူကြောင်ကြား စဉ်းစားရင်း တဖြည်းဖြည်း အဓိပ္ပယ် ပေါက်လာပြီထင့် လောက်စာလုံး ထုံးတို့မျက်နှာ ရွှံ့တွလာပြီး “ ဘာ ဘာ သေချင်းဆိုးပြောင်ကြီး မိုက်ရိုင်းလိုက်တာ.. ဟေ့ ပဲပုပ် . နင့်ကို ဒီကောင် မိုက်ရိုင်းတာ .. ရိုင်းအုံးဟာ.. ရိုင်းအုံး ..” နပန်းထလုံးပြီး ပေါက်ကျိုင်း ဇက်ပိုး ကို ဖိတွယ်တော့ ပေါက်ကျိုင်းမျက်စိထဲ ကြယ်တွေလတွေ ရောင်စုံခလို့ … ပဲပုပ် ကတော့ စိတ်မဆိုး တဲ့အပြင် ပေါက်ကျိုင်းတို့ နှစ်ကောင် နပန်းထသတ်နေတာကို ကြည့်ပြီး ဗိုက်နှိပ်ပြီး ရယ်နေလိုက်တာ မျက်ရည်တွေတောင် ထွက်လို့ဗျား…။

သူငယ်ချင်းတို့ မင်းတို့ကို သတိရမိတိုင်း ဒီလို ပေါက်ကတရ စာတွေဘဲ ရေးရေးမိနေတတ်တယ်..
တနေ့မှာ တို့တတွေ ပြန်ဆုံကြတာပေါ့ကွာ .. မင်းတို့ရဲ့ သံယောဇဉ် တင်းတင်း အိမ်ထောင် သက် ငွေရတု ရွှေရတု မှသည် စိန်ရတု ပတ္တမြားရတု တိုင်အောင် ခိုင်ခိုင်မြဲမြဲ လျှောက်လှမ်းလက်တွဲ နိုင်ပါစေလို့
ငါ ဇော်မောင်မောင် ဆုတောင်းပေးလိုက်ပါတယ်ကွာ ...
တစ်နေ့တော့ ပြန်ဆုံကြတာပေါ့ ....။

5 comments:

  1. ရွှေလမ်းငွေလမ်းဝင်းကြည်

    ခင်မင်စွာဖြင့် ဖတ်သွားပါသည်။ ကောင်းပါ၏။

    ReplyDelete
  2. ဖတ်ပြီး ငယ်ဘဝ အကြောင်းရေးနိုင်တာကိုချီးကျူးမိတယ် ကိုကျိုင်း
    ငယ်သူချင်းတွေ ဘဝ အရမ်းပျှော်စရာကောင်းမှာနော်
    အကို ရေ ဖတ်ပြီး သဘောတွေ ကျသွားတယ်

    ReplyDelete
  3. ဟင်..နာမည်ကြီးက ပြောင်ကြီးတဲ့လား..း)ကျုပ်အမြင်ထဲမှာတော့ ဂျိုကြီးတကားကားနဲ့ အိမ်က င့ါကောင်ကြီးကို သွားသတိရတယ်..း) (ပျော်အောင် စ တာနော်)။
    အင်း... အရေးအသားကတော့ အတောိ့ကိုတော်ပြီး စကားရည် တော်တော်လည်တာပဲ... ချီးကျူးပါတယ်..
    တစ်ခုတော့ရှိတယ် ကျုပ်အတွက်တော့ ဖတ်ပျော်တယ် ရသပေါင်းစုံနဲ့ပေါ့ ဒါပေမယ့် သူများအတွက်ဆိုရင် ဟိုလေ ဟိုဟာ... လင်္ကာမြောက်တယ် မမြောက်ဘူးဆိုတာဖတ်ဖူးတယ်... အဲ့ဒီထဲမှာ ဒေါသရသလင်္ကာမြောက်တယ် ထင်တယ် သူများအတွက်ပြောတာပါ...
    သို့ပေမယ့် ချစ်ညီရာ ဘာရသမြှောက်မြှောက် ရသတစ်ခုခုြှောက်နေရင်ပြီးတာပဲ...

    ဆက်ရေးပါ အားပေးပါတယ်
    ထာဝရ

    ReplyDelete
  4. အကိုရေ .. အခုလို ပိုင်းခြား ဝေဖန် ထောက်ပြ သွားတဲ့ အတွက် ကျေးဇူးအရမ်းတင်မိ ပါတယ် ...
    အကို့ စာမျက်နှာကိုလဲ အမြဲတမ်း လာရောက်လေ့လာ သင်ယူ ဖို့ လာမှာပါ..

    ReplyDelete
  5. ဖတ်လို့ အရမ်းကောင်းတယ်။ ဘ၀ထဲက ပုံရိပ်တစ်ချို့တွေပေါ့လေ။
    ဆက်လက်ချီတက်နိုင်ပါစေ။

    ReplyDelete

ကိုယ့်ရဲ့အထင်အမြင်လေးကို ဒီနေရာကနေ ရေးနိုင်ပါတယ်ခင်ဗျ..