Pages

Sunday, April 11, 2010

ပန်းတိုင် သို့ နည်းလမ်းအသွယ်သွယ်ဖြင့်..

အခုတလော မှာ အငြင်းအခုံဖြစ်နေရတဲ့ ကိစ္စတစ်ခုကတော့ ဒီနှစ်ထဲမှာ ကျင်းပမယ်လို့ ကြေညာထားတဲ့ လွှတ်တော် ရွေးကောက်ပွဲကို အဓိကအတိုက်အခံအင်အားစုကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ဝင်ရောက်ယျဉ်ပြိုင်မှာ မဟုတ်တဲ့အကြောင်း ဆုံးဖြတ်ထားတဲ့ အပေါ်မှာ မှားတယ်မှန်တယ် ဝေဖန်တာဘဲ ဖြစ်ပါတယ်.. အဖွဲ့ချုပ်ရဲ့ အဓိကအကြောင်းပြချက်ကတော့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေဘဲဖြစ်ပါတယ်.. ဒီ ဥပဒေ ပြဌန်းချက်များဟာ တရားမျှတမူ့မရှိတဲ့ အတွက် ပါတီအဖြစ် မှတ်ပုံမတင်ဖို့ ဆုံးဖြတ်ရခြင်းဖြစ်တယ်လို့ အဖွဲ့ချုပ်ရဲ့ကျေညာချက်မှာဆိုပါတယ်..။

အခုလိုကြေညာတာနဲ့ ပတ်သက်လို့ သုံးသပ်သူအချို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဦးနောက်နဲ့မဆုံးဖြတ်ဘဲ နှလုံးသားနဲ့ ဆုံးဖြတ်ခဲ့ပါတယ်.. အချို့ကလဲ အစိုးရရဲ့ ထောင်ချောက်ထဲ ကို တည့်တည့်တိုးဝင်သွားတာဖြစ်တယ် .. အချို့ကလဲ ဆုံးဖြတ်ချက်ကြောင့် မြန်မာ့ဒီမိုကရေစီရေး ပိုမိုခက်ခဲစေတယ် စသဖြင့် အမျိုးမျိုးဝေဖန် ပြောဆို ရေးသား နေကြပါတယ်..။
ပကတိအတိုင်း သုံးသပ်ရရင် အဖွဲ့ချုပ်ရဲ့ ဗဟိုဦးစီးဝင်များဟာ သူတို့ပါတီရဲ့ ရပ်တည်မူ အနေအထား ပါတီခေါင်းဆောင် ဒေါ်စုကြည် ရဲ့ သဘောထား ပါတီဝင်များရဲ့ သဘောထားကို ကြားနာပြီး ဆုံးဖြတ်ခဲ့တာဖြစ်လို့ လေးစားထိုက်တယ်လို့ ဆိုရမှာပါ ..၊ ဒီလိုဖြစ်ရပ်မျိုး မှားတယ်မှန်တယ်ဆိုတာ မရှိပါဘူး.. ၊ ဒီမိုကရေစီသဘောအရ ကြည့်ရရင် အယူအဆခြင်းမတိုက်ဆိုင်တဲ့ အတွက် ကန့်လန့်မလိုက်ဘဲ လက်ရှောင်ပေးလိုက်တာကို ချီးမွမ်းသင့်ပါတယ်..၊ ရွေးကောက်ပွဲဝင်လိုတဲ့ ပါတီဝင်များ အနေနဲ့လဲ အဖွဲ့ချုပ်ကို ထောက်ခံသူများ ထံမှ မဲရရှိဖို့ အခွင့်အရေးတရပ် ဖြစ်တာမို့ တရားတဖြင့်ကျိုးစားသင့်ပါတယ်..

 အဖွဲ့ချုပ်ကို ထောက်ခံသူများအနေနဲ့လဲ NLD မပါရင် လမ်းဆုံးပါပြီ လို့ စိတ်မလျှော့သင့်ပါဘူး .. NLD ဟာ နိုင်ငံရေး အတွေ့အကြုံရှိပြီးဖြစ်တာမို့ သူ့နည်းသူ့ဟန်နဲ့ ဆက်လက်ရပ်တည်ဖို့ ကြိုးပမ်းပါလိမ့်မယ်....။
ဒီနေရာမှာ အလျဉ်းသင့်လို့ စာပေနိုဗယ်ဆုရ ဂျာမန် စာရေးဆရာကြီး ဟာမန်ဟက်စ် ရဲ့ သိဒ္ဓတ္တ ဆိုတဲ့ ဝတ္ထုထဲက စာပိုဒ်အချို့ကို ပြန်ပြီးသတိရမိပါတယ်.. ၊ စိတ်ကူးသက်သက် ဝတ္ထု ဖြစ်တဲ့ အတွက် ဗုဒ္ဓဝင်ကြောင်းနဲ့ ကိုက်ညီမှာ မဟုတ်ပါဘူး ...၊ ဝထ္တုထဲမှာ သိဒ္ဓတ္တ နဲ့ ကောဏ္ဍည တို့ဟာ ငယ်သူငယ်ချင်းများဖြစ်ကြပါတယ် .. ၊ သူငယ်ချင်းနှစ်ယောက် အမြိုက်တရားကို ရှာဖွေရင်း တစ်နေ့မှာ ဒေသစာရီ လှည့်လည်လာတဲ့ ဂေါတမဗုဒ္ဓ နဲ့ တိုးပါသတဲ့ ..၊ အဲဒီမှာ ကောဏ္ဍည တစ်ယောက် ရဟန်းခံပြီး ဗုဒ္ဓ ရဲ့ နောက်လိုက် ဖြစ်သွားပါတယ်..၊သိဒ္ဓတ္တ နဲ့ ဗုဒ္ဓတို့ တွေ့ဆုံခန်းက စိတ်ဝင်စား စရာကောင်းပါတယ်..၊  ဗုဒ္ဓ က သူဟာ သံသရာမှ လွတ်ကြောင်းတရားကို ဟောကြားသူဖြစ်တယ်လို့ ဆိုပါတယ်..၊ ။

သူ့သူငယ်ချင်း ရဟန်းပြုသွားတာကို စိတ်မကောင်းတဲ့ သိဒ္ဓတ္ထ က တော့
“ အမြိုက်တရား ရဖို့ အတွက် မကျင့်ကြံဘဲ ရဟန်းပြုပြီး ဗုဒ္ဓတရားတွေနာ ၊ ဗုဒ္ဓကိုကြည်ညို ၊ ဗုဒ္ဓနောက်က လိုက်နေရခြင်းကို ဂုဏ်ယူနေမယ်ဆိုရင် တရားရနိုင်ပါ့မလား ”
လို့ စောဒက တက်ပါတယ် ..၊
ဗုဒ္ဓဘုရားရှင်က..
“ ဟုတ်ပါပြီ .. ယခု ရဟန်းဝတ်သူများ လူထွက်ပြီး ကာမရာဂတွေ လွှမ်းခြုံနေတဲ့ လောကထဲ ပြန်သွားကြရင် ကော သူတို့အတွက် ပိုကောင်းလာပါ့မလား ”
လို့ ပြန်လှန်မေးခွန်းထုတ် လိုက်ပါတယ် ...၊  သိဒ္ဓတ္တ က..
“ ဒီလိုဆိုတော့လဲ ဟုတ်ပါတယ် အရှင် ” လို့ တလေးတစားလျှောက်ထားပြီး တစ်ကိုယ်တည်း တရားရှာဖို့ ဆက်လက် ထွက်ခဲ့ပါသတဲ့ ...၊ ဝတ္ထုကြောင်းအရ သိဒ္ဓတ္တ နဲ့ ကောဏ္ဍည တို့ နောက်နှစ်ပေါင်းများစွာကြာပြီး ဇရာထောင်းနေတဲ့အခါ ပြန်လည်တွေ့ဆုံကြပါသေးတယ်.. ဘယ်သူ တရားရသလဲ ဆိုတဲ့ ဇတ်သိမ်းခန်းကို သိလိုရင်တော့ ဝတ္ထုကို ရှာဖတ်ကြည့်ကြပါလို့ တိုက်တွန်းပါရစေ..။

ဒီနေရာမှာ သင်ခန်းစာ ထုတ်ချင်တာကတော့ ... လောက မှာ အမှန်တရား လို့ မဆိုနိုင်ပေမဲ့ အမှားဖြစ်နေတာမျိုး မဟုတ်တဲ့ အရာတွေလဲ ရှိနိုင်တယ်... ဆိုတာဘဲ ဖြစ်ပါတယ်..၊ တစ်နည်းမဟုတ် အခြားတစ်နည်းနဲ့ ကြိုးစားနိုင်ကြပါတယ်.. ၊ ဟိုလိုမှန်တယ် ဒီလိုမှားတယ် အပြန်အလှန် အပြစ်ဖို့နေကြမဲ့ အစား ကိုယ်ကျရာ နေရာကနေ ပန်းတိုင်ကို ရောက်လိုစိတ် မမှိတ်မသုန် ထားဖို့သာ ပဓာန ဖြစ်ကြောင်းပါ ခင်ဗျာ.... ၊။

“အင်း.. ဝေဖန် ၊ လေကန် ၊ လေကြောရှည် နေတာနဲ့ သဘက်ခါ သင်္ကြန်မှာ မယ်လိုဒီ လေးနဲ့ ချိန်းထားလို့ လက်လက်ထဒီဇိုင်းလေးတွေ ရွေးထားဦးမှ .. အန်းတိတ်ကြီးပေါက်ကျိုင်း ကြောင့် သူကလေး လူပုံအလယ် မျက်နှာမငယ် ရအောင် ပေါက်ကျိုင်း ဂေါင်း ကို ဗြူတီဆလွန်း မှာ ဖို့ထားညှပ်ထားဦးမှဘဲ .. အထုတ်အပိုးတွေ ပြင်ဆင်ပြီး လာပြီနော်.. လမ်းမှာနည်းနည်းကြာမယ်... နောက်ကျလို့ ဒီဒီလေး ကောက်နဲ့နော် သိလား.. ”

1 comment:

ကိုယ့်ရဲ့အထင်အမြင်လေးကို ဒီနေရာကနေ ရေးနိုင်ပါတယ်ခင်ဗျ..