Pages

Sunday, March 7, 2010

ကြွက် ကြောက်တဲ့ မောင်...

အခုတလော မောင်ပေါက်ကျိုင်းတို့ မလေးရှားမှာ ဒီနှစ် နှစ်စပိုင်းက စပြီး တရားမဝင်နေထိုင်လုပ်ကိုင်နေသူများကို ကြမ်းကြမ်းတမ်းတမ်းနဲ့ ဖမ်းစီးနေတာကို တွေ့ နေရသဗျာ..လာအလုပ်လုပ်နေတဲ့ သူ အများစုဟာ တရားဝင်အလုပ်လုပ် ကိုင်နဲပါးပြီး စက်ရုံအလုပ်ရုံတွေမှာ တရားဝင်လုပ်ကိုင်နေရာ ကနေ အကြောင်းအမျိုးမျိုးကြောင့် အိုဗာစတေး ဖြစ်သွားတဲ့ သူတွေ၊ ပြီး ပေါက်ကျိုင်းတို့ ရွှေနိုင်ငံ ကနေ တောင်ကျော်တန်းကျော်ပြီးတော့ ခိုးဝင်လာတဲ့သူတွေ ဟာ ၃ပုံ၂ပုံ လောက်ရှိပါတယ်ခင်ဗျ.၊.အခုနှစ်မှာ အထူးအနေနဲ့ ဖမ်းစီး ရတာဟာ လွန်ခဲ့တဲ့ နှစ်များတုန်းက အန္ဒိယလူမျိုးနဲ့ ဘင်္ဂလား လူမျိုး ငါးသောင်း ကျော်ဟာ ဒီမလေးရှားနိုင်ငံထဲ ကို အလည်ဗီဇာနဲ့ အဝင်သာရှိပြီး အထွက်လုံးဝ မရှိလို့ အထူးစစ်ဆင်ရေးအနေနဲ့ နာဂျစ်အစိုးရက လုပ်ဆောင်တာဖြစ်ပါ သတဲ့ ..ဒီတော့ကာ ကိုကိုရွှေ တို့အချင်းချင်း လက်တို့ပြီး ဟိုမှာဖမ်းပြန်ပြီ ဒီမှာဆွဲပြန်ပြီ ..ပုန်းကြ ပြေးကြ လွှားကြ နဲ့ ပေါက်ကျိုင်း စိတ်မကောင်းခြင်းများစွာနဲ့ ရင်နှင့်မိပါတယ် .. ရွှေသမင် ဘယ်ကထွက် ဆိုသလို အမိမြေမှာ စားဝတ်နေရေးခက်ခဲလို့ အရဲစွန့်ကျွန်ခံ အနှိမ်ခံပြီး သမာအာဇီဝ နဲ့အလုပ်လုပ်နေရတာတောင် ဖမ်းဟယ်စီးဟယ် ဆိုတော့ ကျီးလန့်စား ဖြစ်နေ ပြန်တဲ့သူကပြန် ပုန်းတဲ့သူကပုန်း အလုပ်ထွက်သူကထွက်နဲ့ ကျီးအော်သောင်းနင်း …၊ ပြေးကြ ပုန်းကြ တာတွေမြင်တွေ့မိလို့ ..

မောင်ပေါက်ကျိုင်း လဲ ဟိုး… တခါသား တုန်းက ညီလေးအရင်းလို သဘောထားတဲ့ ဇေယျာအောင် ဆိုတဲ့ ချာတိတ် အကြောင်းကို ပြန်တွေး မိရင်း စိတ်ထဲမယ် ပြုံးစိစိ ကြီးကို ဖြစ်မိသဗျာ ..( သူ့အကြောင်းကို “ ရာဇဝင်ထဲက ဆယ့်နှစ်မိုင်ဇေကြီး ကို မထားခဲ့နဲ့ “ ဆိုပြီး စာမျက်နှာ တစ်ခုမှာ ရေးထား ခဲ့ဘူးပါတယ် ) ထားတော့ .. ဒီနိုင်ငံမှာ ကိုကိုရွှေတို့ ခေါ်ဝေါ်သုံးစွဲနေတဲ့ ကြွက် ဆိုတဲ့ မလေးရှား ရဲ တောင်ကြောက်ရတဲ့ ပေါက်ကျိုင်းရဲ့ ဇတ်လိုက် ဇေယျာအောင် ခေါ် ဇေကြီး အကြောင်းပါ.. အဲဒီ ဇေယျာအောင် ဆိုတဲ့ ဇေကြီးပုံကို မြင်အောင်ပြရမယ်ဆိုရင် မလေးရှားမှာနေတုန်း လုံးဝ မညှပ် ဘူးလို့ ဆုံးဖြတ်ထားတဲ့ ကောက်ကွေးကွေး ခါးလည်လောက်ထိ ကျနေတဲ့ ဆံပင်(ဆံပင်က ဒီကိုရောက်လာကတည်းက ဆံထုံးကြီးနဲ့ ပြီး အဆိုတော် ဒိုးလုံး ကို မျက်စေ့ထဲမြင်ကြည့်ပါ ) မျက်ခွက်က ပြူးကြောင်ကျား နှတ်ခန်းမွှေး စစ၊ ..ဘော်ဒီက မိန်းကလေးတွေ ရင်ဘတ်ကို ထုထုပြီး ခရာချင်စရာကောင်းတဲ့ ရုပ်ရှင်သရုပ်ဆောင် ဗေလုဝ တခြမ်းစာ ကိုယ်လုံး၊ အပြင်ထွက်ပြီး

မှာစရာရှိတာမှာရင် ဝှီ ကနဲ မြည်အောင် ဖင်ပေါ့ပြီး လမ်းတဝက်ရောက်မှ အီမ်ပြန် ဘာမှာတာလဲလို့ ပြန်မေးနေရတဲ့ အူကြောင်ကျား ကောင်..၊ သူရဲ့ရွယ်သူ အပေါင်းအသင်းများစုံမိရင် ရန်လိုတွတ်ထိုး စလွန်းလို့ သူ့သူငယ်ချင်း တယောက်က ပေါက်ကျိုင်းရှေ့မှာ ဒီလိုပြောဘူးပါတယ် ..” ဇေကြီး မင်းမလဲကွာ ငါတို့ကိုတွေ့ရင်ရန်လုပ်လုပ်နေတာ အိမ်ဘေး တရုပ်မကြီးမွေးထားတဲ့ အသက်ကြီးပု ကြောင်တောင်မလေးစားတဲ့ လက်သီးစုတ်ခွေးလေး ဝင်းတခါးထဲကနေ ဟောင်တာ ကြနေတာဘဲ လူမလေးကြောင်မခန့် နဲ့ကွာ “ သတဲ့ဗျာ …ပြီး ပြောသေးသဗျ ..” မင်း လူကောင်သေးတာ မင်းရဲ့ --ု က ဆွဲထားလို့နေမှာ “ တဲ့ဗျာ..၊ ဟုတ်လောက်မှာပါ ပေါက်ကျိုင်းညည နှစ်ချက်သုံးချက် အပေါ့ သွားချင်လို့ အောက်ထပ်ဆင်းလာရင် ဧည့်ခန်းထဲမှာ အိပ်တတ်တဲ့ မောင်မင်းကြီးသား အနောက်ဖက်ကို လေလံတင်ထားတဲ့ သူ့အပြူးကြီးကို ညတိုင်းလိုလိုမမြင်ချင်လဲ မြင်နေရသကိုးခင်ဗျ..။ ပြီး

မလေးရှားတီဗွီချယ်နယ် တွေထဲက တီဗွီသရီးက ကြာသာပတေး ညဆယ်တစ်နာရီမှာလွှင့်တဲ့ အမေရိကန် နပန်း စီးရီးတွေကို အဲဒီညတိုင်း အအိပ်ပျက်ခံကြည့် ၊ နောက်နေ့သူ့သူငယ်ချင်းများ တွေ့မိပြီဆိုရင် ညက ကြည့်ထားတဲ့ နပန်းလုံးအကွက်တွေနဲ့ ကိုင်ပေါက်လိုက် လှဲချလိုက် လုပ်နေသေးသဗျ.. ဘယ်ရပါ့မလဲ ဟို အသေးဆုံးအကြူံဆုံးက သူ့နှစ်ဆ မကရှိတာကိုး.. ပြီး ..ဟန်းဖုန်းနှစ်လုံးနဲ့ ညဆယ့်နှစ်နာရီ တစ်နာရီ ထိ မျက်စိစွေအောင် ဂီမ်းကစားပြီး အလုပ်သွားဖို့ အိပ်ရထနောက်ကျလို့ သူ့ကို တူလိုသားလိုချစ်ကြတဲ့ ပေါက်ကျိုင်း ဦးလေးနှစ်ယောက်က ချစ်ခင်ယုယစွာနဲ့ နှာခေါင်းကို ခြေမညှပ်ပြီး နိုးရတာလဲ အကြီမ်ကြီမ်၊..အပြင်ကို ကိစ္စတစ်ခုရှိလို့ ခိုင်းလိုက်ရင် တခါတလေ ညသန်းခေါင်ကျော်မှ ပြန်ပြန်ရောက်လာလို့ ပေါက်ကျိုင်းဦးလေးတို့ ဆီးပြီး ဖနောက်နဲ့ပေါက် နှင်အချခံရတာလဲအခါခါ… ဒီတော့မှ ဇီးရွက်လောက်မျက်နှာငယ်လေးနဲ့ နှစ်ရက်သုံးရက်လောက် ကုပ်ချောင်းချောင်းလေးနဲ့ သူမဟုတ်သလို ..။
ခွေးမြှိးကောက်ခြေထောက်စွတ် ဆိုတဲ့ စကားပုံ လို ဒုံရင်းဒုံရင်း …. အဲဒီလို ဂုဏ်ပုဒ်တွေနဲ့ ပြည့်စုံတဲ့ ဆယ်နှစ်မိုင်ဇေကြီးပါ…။

တခါသား တုန်းက ပေါက်ကျိုင်းဦးလေးတို့ နီးနီးနားနားမှာရှိတဲ့ TESCO ကုန်တိုက်ကြီးမှာ ဆန် ဆယ်ကီလို အိတ် တစ်လုံး သူ့ကို ဝယ်ဖို့ လွတ်လိုက်တာ ပေါ်လာနိုးပေါ်လာနိုးနဲ့ ညဆယ့်နှစ်နာရီကျော်သွားပါရောသဗျ..ဆိုတော့ကာ အိမ်က လူတွေလဲ စိတ်တွေပူ လပြာယာ ဇေကြီးရဲ့ ဖုန်းကလဲ ထုံးစံအတိုင်း မေ့ကျန်ခဲ့တော့ ကုလားများရိုက်နှက်လုပြီလား ( ဒီက တမီလ်လူမျိုးကုလားတွေဟာ အဆင့်အတန်းနှီမ့်ပြီး ထစ်ကနဲဆို ရိုက်ဟယ် ထုဟယ် လုဟယ် သတ်ဟယ် ဆိုရင် သူတို့ပါဘဲခင်ဗျ..) ရဲများဖမ်းသွားပြီလား ..TESCO ကုန်တိုက်ကြီးကလဲ အိမ်နဲ့အကွာအဝေးက မိနှစ်နှစ်ဆယ် လောက်ဘဲ လျှောက်ရတာဆိုပေမဲ့ အူတူတူလဒူ ဒီကောင် လမ်းများမှားနေပြီလား ဆိုပြီး ပေါက်ကျိုင်းတို့တတွေစိတ်ပူ အိမ်ပြင်ကိုတမျှော်မျှော်နဲ့ ဗြုန်းဆို ပေါက်ကျိုင်းတို့ အိမ်ရှေ့ကို ရဲကားတစ်စီး ပေါက်ချလာပါရော ၊ ပြီး ဆယ်ကီလိုဆန်အိပ်ကို ရဲကားနောက်ခန်းတခါးကိုဖွင့်ပြီး မနိုင့်တနိုင်ကိုးရို့ကားယားနဲ့ မောင်မင်းကြီးသား ဆင်းလာတော့မှ ပေါက်ကျိုင်းတို့ တတွေ သက်ပြင်းမကြီး ဒုံးဒုံးချရသဗျ…၊ မလေးရှားရဲနှစ်ယောက်ကလဲ မောင်မင်းကြီးသား အိမ်ထဲဝင်ပြီးတဲ့အထိ ကြည့်ပြီး ပေါက်ကျိုင်းတို့ ကျေးဇူးတင်ပါတယ်လို့ ပြောမလိုမလို့လုပ်တုန်း ဝူးကနဲ မောင်းထွက်သွားတာ စကမေး တောင် မလုပ်လိုက်ရဘူးခင်ဗျ..၊ သူ အိမ်ထဲချောချောမောမောရောက်မှ ပေါက်ကျိုင်းဦးလေးနှစ်ယောက် နဘန်နှစ်ချက်စီ ခွဲတမ်းချပြီး သမ ပါလေရောဗျို့.. ၊ ခွဲတမ်းချပြီးမှ ဦလေးနှစ်ယောက်က အကြိုးအကြောင်း မေးတော့ မလေးရှားကြွက်တောင် ကြောက်သွားရတဲ့ မောင်မင်းကြီးသား ဇတ်စုံခင်းပြရတာက ဒီလို ဒီလို……။။

သူ TESCO ကုန်တိုက်ကြီးမှာ ဆန်အိပ်ဝယ်ပြီးပြန်လာတော့ လမ်းမှာ သူငယ်ချင်းတစ်ယောက်နဲ့ ဆုံပါသတဲ့..၊ အဲဒီလို စကားတပြောပြောနဲ့ ဆန်အိပ်ထမ်းပြန်လာတုန်း ဗြုန်းဆို သူတို့ရဲ့ နဘေးမှာ ရဲကားတစ်စီး ထိုးရပ်လာတော့ ဘာစာရွက်စာတမ်းမှမရှိတဲ့ အိုဗာစတေး သူ့သူငယ်ချင်းက မပြောမဆို ပြေးပါလေရောတဲ့ ..၊ ထုံးစံ အတိုင်း အူကြောင်ကြား မောင်မင်းကြီးသားက မဆိမဆိုင် ဆန်အိပ်ကြီးကိုးရို့ကားယား နဲ့ လိုက်ပြေးတော့ ရဲကပိုမသင်္ကာဖြစ်ပြီး ကားပေါ်ကဆင်းပြီး လိုက်ဖမ်းပါသတဲ့ဗျ..၊ အပြေးသန်တဲ့ သူ့သူငယ်ချင်း က လွတ်သွားပေမဲ့ မောင်မင်းကြီးသား ကိုယ် သုံးပုံတစ်ပုံလောက်လေးတဲ့ ဆန်အိပ်ကို ထမ်းပြေးနေရလေတော့ မိပါလေရော ..၊ ကားပေါ်ခေါ်တင်ပြီး ဟိုစမ်းဒီစမ်း စစ်ဆေးတဲ့အခါမှာ သူ့ရဲ့စက်ရုံက ပေးထားတဲ့ စာရွက်စာတမ်းတွေပြတော့ စစ်ဆေးပြီး ပြန်လွှတ်ပါသတဲ့ဗျာ ၊ ဒါပေမဲ့ ရဲကားက သူ့ကိုခေါ်တင်ပြီး ဟိုဝင်ဒီထွက်မောင်းတော့ ခမျှာ မျက်စိတွေလည်ပြီး မပြန်တတ်ဘူးလို့ မလေး စကား အီး စကားအကျိုးအပဲ့တွေနဲ့ပြောတော့

ကိုရွှေရဲကလည်း တက်ဆီ နဲ့ပြန်လို့ လက်ဟန်ခြေဟန်နဲ့ပြန် ပြော လမ်းဘေးတနေရာမှာရပ်ပြီး ဆင်းခိုင်းတော့ မောင်မင်းကြီးသားက စကား အကျိုးအပဲ့တွေကိုငပိသံနဲ့ အိမ်ပြန်ပို့ပေးဖို့ ဒါမှမဟုတ် ဖမ်းမိတဲ့နေရာကို ပြန်ပို့ပေးဖို့ ပြောလဲပြော ကားပေါ်က မဆင်းဘဲ ဆန်အိပ်ကြီးကိုပိုက်ပြီး ကုတ်ကပ်တွယ်နေလေတော့ ရဲကဆွဲချ မောင်မင်းကြီးသားက ရုန်းနဲ့ မဟော်သဓာ သားလုတရား စီရင်ပုံအတိုင်း..၊ နောက်ဆုံး မျောက်ပိန် သာသာရှိတဲ့ သူ့ကို ကိုရွှေရဲတွေက တဖက်တချက်စီကိုင်တဲ့ပြီး လမ်းဘေးတနေရာမှာ ချ ထားခဲ့ပါသတဲ့ ..၊ ပေါက်ကျိုင်းတို့ အိမ်က စက်မူဇုံကြီးတွေထဲမှာရှိပါတယ် ..၊ စက်ရုံကြီးတွေကလဲ တခုနဲ့တခု ပုံစံတူ လူအရောက်အပေါက်ကလဲ နည်း ၊ ပါတဲ့ ပိုက်ဆံ ကလဲ ပြေးလွှားတုန်းက ဘယ်မှာ ကျကျန်ခဲ့သလဲမသိလေတော့ မောင်မင်းကြီးသားခမျှာ လမ်းဘေးမှာ ဆန်အိပ်ကြီးကိုချ ဖင်ခုထိုင် နဲနဲမှောင်လာပြီဆိုရင် လူသူရှိတတ်တယ်လို့ ထင်တဲ့ နေရာရှာရင်း လမ်းဘေးဆန်အိပ်ချ ပြန်ထိုင် ( ဒီမှာက သတ်မှတ်အလုပ်ချိန်က အိုတီရှိရင် အနည်းဆုံးညရှစ်နာရီမှ အလုပ်သမားတွေ အိမ်ပြန်ကြလို့ လူသူရှင်းနေကြတာပါ ) လုပ်နေတုန်း ခုနက သူ့ကိုဖမ်းသွားတဲ့

ပတ္တရောင်ရဲကား တကြော့ပြန်တွေ့ပါသတဲ့..၊သူ့မလဲ အိမ်ပို့ပေးဖို့ အကူအညီတောင်းမလို့ ဝမ်းသာအားရ လက်ပြပြီး ခေါ်မယ်လုပ်တော့ အစားကောင်းစားနေရင်း ခွေးချေးပုံ မြင်လိုက်ရတဲ့ မျက်နှာမျိုးတွေနဲ့ သူ့ကို ပြူးပြာ ကြည့်ပြီး ကား လီဗာ နင်းပြီး မောင်းပြေးသွားလိုက်တာ မီခိုးတဆုံးပါဘဲတဲ့ခင်ဗျ..၊ ဟယ် ထူးပါဘူး ဆိုပြီး စက်ရုံတစ်ရုံရှေ့ဝင်းတခါးမှာ ဆန်အိပ်ကြီးကိုချ ဆောင့်ကြောင့်ထိုင်ရင်း ဒီစက်ရုံက ကိုကိုရွှေတွေများ အလုပ်ပြီး ထွက်လာတဲ့ အခါကျရင် အကူအညီလေးတောင်း ပြီး အိမ်ပြန်ပို့ခိုင်းမှဘဲလေ ဆိုတဲ့ အတွေးနဲ့ မျောက်ထိုင် ထိုင်နေတုန်း ..ခွေးချေးပုံ အဲလေ.. ခုနက သူ နဲ့ ရှေးရေစက်ကြောင့်ထောမနာတင့်ခဲ့တဲ့ ပတ္တရောင်ရဲ ကားကသူ့ရှေ့မှာ တကြော့ပြန်ရပ်တဲ့ သူတို့အချင်းချင်းမလေးလို ပြောပြီး သူ့ကိုလက်ယပ်ခေါ် ကားတံခါးဖွင့်ပေးတော့ မောင်မင်းကြီးသား တောသားလူလည် ကြီး .. ခွေးဝဲစား မစင်ပုံ တွေ့သလို အူမြူးပြီး တက်လိုက်သွားလိုက်တာ ပင်မရဲစခန်းကြီးကိုရောက်ပါလေရော…၊ ပြီး ရုံးခန်းထဲက ဆက်တီ ဆိုဖာ ပေါ်မှာ ဆန်အိပ်ကြီးကို ခေါင်းအုံး ( အိမ်ပြန်လို့ ဒီဆန်အိပ်သာ ပြန်မပါလာရင် ဦးလေးနှစ်ယောက်ရဲ့ မဟာ ပတ္တလား တီးသံ ကို သူ နားဆင်ရမှာ အမှန်ဧကန် ) မနက်ကျရင် သူ့အိမ်ကို ပြန်ပို့မှာဘဲလေ ဆိုတဲ့ အတွေး..မောမောနဲ့ အိပ်မောကျသွားလိုက်တာ ဆူဆူညံညံ အသံကြားလို့ လန့်နိုးပြီး ရုံးခန်းထဲက နံရံကပ်နာရီ ကို ကြည့်မိတော့ ညဆယ့်တစ်နာရီ ဒုတ်ဒုတ်မြည်ရောတဲ့ ..၊အဲဒီလို ဆူညံ

အသံတွေကြားရတော့ မောင်မင်းကြီးသားလဲ ဘေးဘီ ပြူးပြူးပျာပျာ ကြည့်လိုက်တော့ သူ့အထင် စခန်းမှူး ပခုံးမှာ ကြယ် သုံးပွင့်တပ်ထားတဲ့ အဘိုးကြီး တယောက်က ကိုရွှေရဲတွေကို တန်းစီခိုင်းထားပြီး ဟိန်းဟောက်ဆူဆဲ နေလိုက်တာ သူ့ကို လက်ညီုးတထိုးထိုး ဆိုဘဲ ခင်ဗျ..၊ သူ့ခမျှာ လဲ ကြောက်ကြောက်လန့်လန့် နဲ့ ပြူးပြဲကြည့်နေတုန်း ဗြုံးဆို ဒီအဘိုးကြီးက သူ့ဆီရောက်လာပြီး E လို ပိုက်ဆံပျောက်လား ပစ္စည်းပျောက်လား ရန်လုပ်သေးလား လို့ မေးသတဲ့ဗျ..၊ ဒီမှာ တောသားမြို့တက်လူလည် ရဲ့ ညဏ်နီညဏ်နက်စပါပြီ ..၊ သူ.. မလေး ရောက်သက်ကလဲ ငါးလ နီးပါး ရှိပြီဆိုတော့ မလေး စကား အတိုအထွာ အကျိုးအပဲ့တွေနဲ့ ပိုက်ဆံ ခြောက့်ဆယ့်သုံးကျပ် ဘယ်နားမှာ မသိကျပျောက်သွားကြောင်း ( အဲဒီမှာ စခန်းမူး အဘိုးကြီးက မျက်နှာငယ်လေးတွေနဲ့ တန်းစီ နေတဲ့ သူ့တပည့်တွေကို တချက်ကြည့်လိုက်ပြီ ) ပြီးတော့ မောင်မင်းကြီးသားက ဖမ်းတုန်းက ရွံ့ထဲ ဗွက်ထဲ ပြေးလွှား ချော်လဲ လို့ ကိုယ်လက်တွေနာနေကြောင်း ( အဘိုးကြီးက သူ့လူတွေကို မသင်္ကာအကြည့်နဲ့ ကြည့်နေပြီ ) နောက်ပြီး ကားအကြာကြီးစီးလာရတော့ အိမ်ပြန်လမ်း မသိတော့ကြောင်း ( အဘိုးကြီး သူ့လူတွေကို အံကြိတ် ပြီ ) ဒီဆန်အိပ်ကြီး အိမ်မရောက်လို့ အိမ်ကလူတွေ ထမင်းစားရဦးမယ် မထင်ကြောင်း ..နှပ်သသုတ်သုတ် နဲ့ မနှဲလေးနတ်သံနှောပြီး ငိုပြလိုက်တော့ ဒေါသအိုး စခန်းမူးအဘိုးကြီး

သူ့လူတွေကို ဆူဆဲဟိန်းဟောက်သံ က အဲဒီ ရုံးခန်းထဲမှာ ဝက်ဝက်ညံ သတဲ့ဗျို့ …၊ ပြီးတော့မှ အဘိုးကြီးက ထတဲ့ ပြီး တန်းစီနေတဲ့ သူ့တပည့်ကျော် အထီးအမ တွေဆီက တဦးကို ငါးကျပ်တန်သည် ငါးကျပ် ..ခြောက်ကျပ်တန်သည် ကောက်ခံပြီး ပိုက်ဆံ ခြောက်ဆယ့်သုံးကျပ် တိတိ ပြန်ပေးသတဲ့ခင်ဗျ.. ( သူအကြောက်လွန်ပြီး စကားမှားတာလား ညဏ်နီညဏ်နက်သုံးတာလားမသိ ကျပျောက်သွားတာက သုံးဆယ့်ခြောက်ကျပ် တိတိပါ လူလည်တောသား လုပ်ပုံ ) နောက်ပြီး သူ့ကိုဖမ်းတဲ့ ကိုရွှေရဲ နှစ်ယောက် ကိုလဲ သူ့ကိုမေးစမ်းပြီး အခုချက်ချင်း အိမ်အရောက်ပို့ခိုင်းသတဲ့ ဗျာတို့ …၊ အမှန်တော့ ကိုရွှေရဲ နှစ်ယောက်က မောင်းမင်းကြီးသားကို သနားလို့ ဒီမှာညအိပ်ခိုင်းပြီး မနက်မှ ပတ္တရောင်လှည့်ရင်း အိမ်ပြန်ပို့ဖို့ လုပ်ပြီးသားပါ…၊ ဒါပေမဲ့ သူတို့ရဲ့ ဆရာ ဒေါသအိုးကြီးရဲ့ အမိန့်ကြောင့် သကာရည်လူးထားတဲ့မျက်နာတွေနဲ့ မောင်မင်းကြီးသား အဖမ်းခံရတဲ့ နေရာကို ကားမောင်းပြီး သူက တပည့်ကျော်ကိုရွှေရဲကို ဟိုဖက်ဒီဖက် လက်ညိုးထိုးပြီး နတ်လမ်းညွှန်လို့ ပေါက်ကျိုင်းတို့ အိမ်ကို ပြည်တော်ဝင်လာပါသတဲ့ ခင်ဗျား…..။

ပေါက်ကျိုင်းမလဲ ဒီတော့မှ သူဝယ်လာတဲ့ ဆန်ကို ဗိုက်ဆာဆာနဲ့ ထမင်းအိုးတစ်လုံး ကောက်ကဲ့ တည်ပြီး.. မောင်မင်းကြီးသားတောသားလူလည်ကို “ ဟဲ့ကောင်ရဲ့ မင်း ကလူကမာ ညဏ်နီညဏ်နက်တွေနဲ့ စခန်းမှူး အဘိုးကြီး ကို တိုင်တော့ မင့် ကိုရွှေရဲနှစ်ကောင်က ဒေါသမထွက်ဘူးလား “ လို့မေးတော့ သူက “ ဘယ်နှယ့်ပြောပါလိမ့် ကိုကြီးပေါက်ကျိုင်းရယ် သူတို့ခမျှာ ကျွန်တော့ကို ငါးကျပ်သားစီလောက်တုံး တုံးပြီး ခွေးကျွေးပလိုက်ချင်အောင် ဒေါသအမြှောင်းမြှောင်း ထွက်နေမှာ သူတို့ရဲ့အုံ့ပုန်းဒေါသကြီးကို ကျွန်တော် အိမ်ရောက်လို့ ကားပေါ်က ဆင်းမှ သေသေချာချာသိရတယ် “ ဆိုပြီး သူ့နောက်ကျောကို လှည်ပြတော့ နောက်ကျော အလည်တည့်တည့်မှာ ကိုရွှေရဲ ဆောင့်ကန်လိုက်တဲ့ ရွှံ့အလိမ်းလိမ်းနဲ့ ဖိနပ်ရာကြီး တွေ့တော့ ..မောင်ပေါက်ကျိုင်းတို့တတွေ ရယ်လိုက်ရတာ တသောသောနဲ့….။

စာကြွင်း..
မလေးရှားကို အောင်မြင်စွာ ဆုတ်ခွာသွားတဲ့ ညီလေးဇေယျာ ရေ… ဒီက မီးတလက်လက်နဲ့ အဖြူရောင်ရဲကားကြီးကို ပေါက်ကျိုင်း တွေ့တွေ့ရတိုင်း အမှတ်ရမိပါတယ်..။