Pages

Sunday, March 21, 2010

တို့လူလေးများ ဆိုသလေ.. ...

အခုလိုနွေဦးရာသီမှာ အပူလေရုးတညှင်းညှင်းဝေ့ဝဲတိုက်လိုက်တာကြောင့် အိမ်ရှေ့က တမာပင်က ရွက်ကြမ်းတွေတဖြုတ်ဖြုတ်ကြွေပြီး ရွက်နုသစ်လေးတွေက တနှော့နှော့ လူပ်ခတ်နေလေရဲ့ ..၊ တရစ်ရစ်ဒေါသကြီးလာတဲ့ နေမင်းကြီးကလဲ တလောကလုံးကို စူးစိုက်ကြည့်လို့နေတယ် .. စူးရှရှနေမင်းကြီးနဲ့အတူ မောင်ပေါက်ကျိုင်းလေးရဲ့ ရင်ထဲမှာလဲ သူနဲ့အပြိုင် …၊ ( အမယ် အမယ် ပေါက်ကျိုင်းတစ်ကောင် ကဗျာတွေ ဆန်နေလိုက်တာ ပြီးမှ သောက်တလွဲတွေ လုပ်ဦးမှာ သူ့ထုံးစံ ) .. ပေါက်ကျိုင်းမလဲ ငယ်ငယ်တုန်းက ချစ်သူငယ်ချင်းတွေကို သတိရနေမိသေးတော့…။

ပေါက်ကျိုင်းဟိုး.. ငယ်ငယ်တုန်းက ကျောင်းတက်ခဲ့ရတဲ့ တောင်ကြီး အ.ထ.က ( ၆ ) မှာ သူငယ်တန်းစတက်ရတဲ့ ပြည်တော်သာရပ်ကွက်ထဲကအမှတ်( ၉ ) ကနေ လက်တွဲမဖြုတ်ခဲ့တဲ့ သူငယ်ချင်း ၅ ယောက်ရှိသဗျ.. သူ့ရဲ့ မဲမှောင်တောက်ပတဲ့ အသားအရည်ကို နေ့တဒူဝ သနပ်ခါးနဲ့ဖုံးဖုံးထားလွန်းလို့ ပေါက်ကျိုင်းတို့တတွေခေါ်ဝေါ်နုတ်ကျိုးနေတဲ့ သနပ်ခါးအောင်ဆွေ…၊ ပြီးတော့ ပေါက်ကျိုင်းတို့ အုပ်စုထဲမှာ ဘဏ္ဍာရေးအင်အားတောင့်တဲ့ ရှမ်းလုလင်မုန့်တိုက်က ထွန်းထွန်းဝင်း ဆိုတဲ့ ပေါက်ကျိုင်းတို့ နာမည်ပြောင်ပေးထားတဲ့ ဂျပုချစ်တီး.. ၊ ပုလုံးလုံးလေးနဲ့ သန်းသန်းစိုးလို့ခေါ်တဲ့ မဂျိုး…၊ နောက်ပြီး ပါးအို့နီနီလေးနဲ့ အလွန်ချစ်စရာကောင်းတဲ့ ရှမ်းမလေး နန်းဟွန်ပေါင်း ( ပေါက်ကျိုင်းတို့တတွေကတော့ ရှမ်းပဲပုပ် လို့ဘဲခေါ်ပါတယ် ) ရယ်..၊

အလွန်မျက်နှာပြောင်လို့ နာမည်ပျက်ဖြစ်နေတဲ့ ပြောင်ကြီး ဆိုတဲ့ ပေါက်ကျိုင်းရယ်တို့က ဆယ်တန်း အထိ အတူ တတွဲတွဲမခွဲတမ်း ခင်ဗျ..။ ဒီလိုနဲ့ဘဲ ဝေလေလေပေါက်ကျိုင်း နဲ့ သနပ်ခါးအောင်ဆွေ က ဆယ်တန်းကို ပေါက်ကျိုင်းလေနဲ့ စာတွေမကြေညက်သေးလို့ ဆိုပြီး အဲဒီကျောင်းမှာဘဲ တစ်ပြန်ဝါဆို.. ၊ စာတော်တဲ့ မဂျိုး ၊ ဂျပုချစ်တီး နဲ့ ပဲပုပ်မ ကတော့ ဆယ်တန်းအောင် အဲဒီတုန်းက ဒီဂရီကောလိပ် သာ ရှိသေးတဲ့ အခု တောင်ကြီးသက္ကသိုလ် မှာ ကိုယ်သန်ရာသန်ရာ ဘာသာရပ်တွေနဲ့ ..။ ဒါပေမဲ့ စနေ တနင်္ဂနွေ ကျောင်းပိတ်ရက်တွေမှာဆိုရင် ဒီငါးယောက်က အမြဲ တယောက်ကိုတစ်ယောက် စလိုက်နောက်လိုက်လိုက် လုံးလားထွေးလားနဲ့ ပေါက်ကျိုင်းအိမ်မှာချည်းဘဲဆိုတော့ ပေါက်ကျိုင်းအမေက မျက်စိနောက်လို့ တဟဲ့ ဟဲ့ နဲ့..အဲဒီလို….။

ဒီလိုနဲ့ ပေါက်ကျိုင်းတို့တတွေ လူပျိုပေါက်တွေဖြစ်လာပြီး ကိုယ့်နဲ့ရွယ်သူဆန့်ကျင်ဖက်တွေကို စိတ်ဝင်စား မျက်လုံးကစားတတ်လာပြီဆိုပါတော့ ခင်ဗျ..။
အဲဒီမှာ စပြီးဖေါက်တာက နတ်ကတော်အရှုံးပေးရလောက်တဲ့မျက်နှာနဲ့ သနပ်ခါးအောင်ဆွေ.. ဒီကောင် တနေ့သားမှာ ပေါက်ကျိုင်းနားနားကပ်ပြီး သူ ပဲပုပ်မကို ကြိုက်မိနေပြီ ဖွင့်ပြောဖို့ကလဲ ငယ်ပေါင်းသူငယ်ချင်းတွေဆိုတော့ ဖွင့်မပြောရဲ တကယ်လို့ ပြောလိုက်ပြန်ရင်လဲ သူ့ဗလနဲ့ သူ့ကိုထုထောင်းမှာကို ဒီလူဗာလံ မောင်မောင်သနပ်ခါး ကလဲ ကြောက်သေးလို့ .. အဲဒီလိုသေဖေါ်သေဖက်လာညှိသေးသဗျား..။ ဟုတ်မှာ အခုတလော တရုပ်မသာ မျက်နှာနဲ့ သူ့ရဲ့ ခေါ်တောမျက်လုံးက ပဲပုပ်မ ဆီမှာ တဝဲဝဲနဲ့ .. ၊ ပဲပုပ် ကလဲ ရှမ်းကလဲရှမ်းလူမျိုး နဂို ဝင်းဝါတဲ့ အသားအရည်က အပျိုဖေါ်ဝင်လာပြီဆိုတော့ တော်တော်ကြီးကို လှလာတာပါ ..၊ ပေါက်ကျိုင်းမလဲ သူ့ရဲ့အလှကို သတိထားမိလာလို့ ခဏခဏခိုးခိုးကြည့်မိတာအကြီမ်ကြိမ် ..ဒါပေမဲ့ သူ က အူတူတူလဒူပေါက်ကျိုင်းကို ဂျိုကာရုပ်လိုဘဲ သဘောထားပြန် ၊ ဒီကလဲ သူ့ကို ငယ်ငယ်ကတည်းက အူမချေးခါးမကျန် သိမြင်နေတော့ ဘယ်လို့မှ မဘယ်လိုပါဘူးခင်ဗျ..

ဆိုတော့ကာ … မောင်သနပ်ခါးကို တစ် ချစ်ကြောင်းကြိုက်ကြောင်း စာပေး ၊ နှစ် .. နှစ်ယောက်သားဆုံမိရင် ကိုယ့်ရဲ့ ချစ်နိကာကြီးကိုရင်ဖွင့် ၊ သုံး .. လူကြီးစုံရာနဲ့ တောင်းရမ်းစေ့စပ် လို့ မောင်ပေါက်ကျိုင်းရဲ့ မဟာအတွေးအခေါ်အချွန်နဲ့ မ ပါလေရော ..။ ဒါပေမဲ့ ခွေးဟောင်သံ သဲ့သဲ့လေးကြားမိရင်တောင်မှ ပြေးဖို့ ဖိနပ်ချွတ်စုံကိုင်ထားတတ်တဲ့ မဟာ့မဟာဗန္နုလအနွယ်က အစီအစဉ် တစ်ကိုပယ် နှစ် ကိုဖြုတ် သုံး က ဆယ်တန်းတောင် နောက်ထပ်ဝါဆိုနေရတုန်း နှပ်ချေးတောင်မစင်သေးဘဲနဲ့ မယားတရုးရလားဆိုပြီး သူ့ရဲ့မွေးသမိသဖ က ဖနောက်နဲ့ပေါက် အိမ်ကခေါင်းနဲ့ဆင်းရမှာ တစ်ကြောင်း ရုပ်သိမ်းပါသတဲ့ ..။
အင်း ဒီလိုနဲ့ မောင်ပေါက်ကျိုင်းမလဲ မဖြစ်ချေဘူး .. ဒီကောင် မောင်သနပ်ခါး နေမြင့်လေ အရူးရင့်လေ ဖြစ်နေပြီ ငါကယ်မှ ဒီသောက်ရူးအကြောင်းလှမယ် ဆိုပြီး မင်းစာရေးကွာ ငါပေး ပေးမယ် ပြောတော့ ဒီကောင် အူမြူးသွားလိုက်တာ နပြာကြီးအောက်သွားမရှိတဲ့ အတိုင်းခင်ဗျ..။

ဒီတော့ ရည်းစားစာမရေးတတ်တဲ့ သကောင့်သား ကို ပေါက်ကျိုင်းရဲ့ ပေါက်တတ်ကရ အပြောတွေလိုက်ရေးခိုင်း လို့ သူ ဂုဏ်ပြုပူဇော်ထားတဲ့ လက်ဖက်ရည်ကျစိမ့် လေးနဲ့ အီကြာကွေး ကို ကိုင်ရင်းနဲ့ စနေ တနင်္ဂနွေ မှာ မျောက်မူးလဲ တို့တစ်သိုက် အိမ်လာရင် စာကိုပေး မောင်သနပ်ခါးကို အဲဒီနေ့မှာ ခဏရှောင်ခိုင်းထားဆိုပြီးအတွေးနဲ့ ဒီမဟာပရောဂျက်ကြီးကို စရမယ်ဆိုတော့ မျက်လုံးက ခပ်လှုပ်လှုပ်ရယ်..၊ အလွန်ကပ်စေးနဲဇီဇာကြောင်တဲ့ မောင်သနပ်ခါး မသထာရည်စာလေးကို မဟားဒယား အပင်းတက်အောင်မျိုဆို့ထားမိလို့သာ လုပ်ပေးရမှာ ဒီရှမ်းပဲပုပ်မ ရဲ့ မိဘတွေက ဥယျဉ်ခြံမြေ လုပ်ကိုင်စားသောက်ကြတဲ့ မျိုးရိုးပီပီ သူက သန်မာထွားကြိုင်း စိုးမြတ်သူဇာ ဆိုက်ခင်ဗျ ..

တော်ကြာ ဘာသောညာသော အကြောင်းမရွေးဘူး ဒူးပျံလား ၊ တစ်တောင်လား ၊ နားရင်းလား ၊ ငယ်ပါလား လာထားဆိုရင် … အံမယ်လေး လေး .. ပေါက်ကျိုင်းတွေးပြီး ကြက်သီးတစ်ဖြန်းဖြန်း ထမိပါတယ် . ဆရာကြီးဂိုက်နဲ့ သြဝါဒ ပေးမိတာ မှားပြီလားလို့လေ..။

ကဲ အခုမှ မထူးတော့ဘူးဆိုပြီး အတွေးတွေနဲ့ စနေနေ့လဲရောက်ရော လာပါပြီ ဒီမျောက်မူးလဲမမတွေ ထုံးစံအတိုင်း အီမ်မှာ တီဗွီကြည့် အတင်းပြော မီးဖိုချောင်ထဲမှာ တကုပ်ကုပ် လုပ်နေတဲ့ ပေါက်ကျိုင်းအမေဆီမှာသွားရှုပ် လက်ဖက်သုပ်စား နဲ့ ခြေကောလက်ကော ပါးစပ်ကော မနားတမ်းအလုပ်ပေးနေလေတော့ မောင်သနပ်ခါးရဲ့ အူကုန်အသည်းကုန်ချစ်မေတ္တာစာကို ခါးကြားလိမ်ရင်းအခွင့်အရေးချောင်းနေရတယ်ခင်ဗျ...။
ဟောတွေ့ပါပြီ ရေတွင်းဘေးမှာ တယောက်ထဲရေခပ်နေတုန်း…

“ ပဲပုပ် “

“ ဘာလဲ ရေကူခပ်ပေးမို့ မလား .. နင့်အမေကိုလဲ ကူပါဦးဟဲ့ ”

“ မဟုတ်ဘူး.. စာ စာ ”

“ ဘာကြီးလဲ စာ ”

“ ဟုတ်ပါဘူးဆို ဟို သနပ်ခါးက နင့်အတွက်ပေးခိုင်းလိုက်တာ ရော့ ရည်းစားစာ ”

“ ဘာ ”

“ အမလေး.. သောက်ပလုပ်တုတ် လန့်လိုက်တာ နင်အသံကြီးကလဲ အဟီး ”

“ သနပ်ခါးက ရည်းစားစာပေးတယ် ငါ့ကို ”

“ ဟုတ်တယ် ယူ … ယူထားလိုက် ကုသိုလ်ရတယ် အဟီးဟီး ”

ဒီရှမ်းပဲပုပ်မရဲ့ ခရမ်းသီးမီးဖုတ်မျက်နှာကိုငေးနေရင်း ပေါက်ကျိုင်း တစိမ့်စိမ့်ကျောချမ်းလာလို့ စာကို ဘတ်ကနဲ သူ့လက်ထဲကို ထဲ့ပေး ပြီး မီးဖိုချောင်ထဲကို သုတ်ခြေတင်ရောခင်ဗျ.. သူ့ အကြောင်းမရွေးကြီး ဒူး တစ်တောင် တွေမလာခင် ရှောင်မှ ရှောင်မှ.. ။
ဒီလိုနဲ့ ပေါက်ကျိုင်းအမေနားက မခွာဘဲ ဟိုဟာလုပ်သလို ဒီဟာကူလုပ်ပေးနေသလို ဆိုတော့.. ပဲပုပ်မ အခွင့်မသာဘဲ အပြင်ကနေ ပေါက်ကျိုင်းကို မျက်စောင်းထိုးလိုက် ပါးစပ်က အသံတိတ်ပါးစပ်ပွစိပွစိ ပြောလိုက် နဲ့ မေတ္တာပို့နေလိုက်တာ မပြီးနိုင်တော့ပါဘူး..၊
ဂျပုချစ်တီးနဲ့မဂျိုးကတော့ နဂိုထဲက အေးလွန်းလို့ ပေါက်ကျိုင်းနဲ့ ပဲပုပ်မ ကို တလှည့်ဆီ ငေးကြည့်နေလိုက်တာ ကြောင်တောင်တောင်.. ပေါက်ကျိုင်းတို့နှစ်ယောက်က ဘာလဲပေါ့ စပ်စုတဲ့အကြည့်တွေနဲ့…။

ဒါပေမဲ့ ဒီဂျပုနှစ်ကောင်နဲ့ ပဲပုပ်မ တို့ ညနေစောင်းအိမ်ပြန်တဲ့အထိ ဘာသံမှမကြားရလို့ ပေါက်ကျိုင်းရဲ့ မဟာစီမံကိန်းကြီး အောင်မြင်ပြီဆိုပြီး သဘောတွေခွေ့နေလေရဲ့ဗျ..၊ မနက်ဖန်မှ မောင်သနပ်ခါးဆီ အကျိုးတော်ဆောင်ခ ဘောနပ်လေး ပိုပိုသာသာ တောင်းဦးမှ ဆိုတဲ့အတွေးနဲ့အူကိုရွှင်လို့..
နောက်နေ့လဲရောက်ရော အိမ်ကိုလာလည်တဲ့သူက ချစ်တီး မဂျိုး သနပ်ခါးအောင်ဆွေ တို့ဘဲ ပေါ်တော်မူလာပြီး ပဲပုပ်မ တစ်ယောက် မတွေ့တော့ ပေါက်ကျိုင်းနဲ့ မောင်သနပ်ခါးတို့ အချင်းချင်းမျက်စ ပစ်နေပြီ .. ဘယ်လိုလဲအကြည့်တွေနဲ့ပေါ့လေ သူစိတ်များဆိုးသွားလို့လား ဒါမှမဟုတ် ဒီမောင်သနပ်ခါးကို မတွေ့ရဲအောင်ရှက်နေလို့လား ဆိုပြီး ပေါက်ကျိုင်းစလိုက်တဲ့ ဇတ်လမ်းက ဖင်မနိုင်ဘဲ ပဲကြီးဟင်း စားမိသလိုအဖြစ်နဲ့ ပေါက်ကျိုင်းတစ်ကောင် ထိုင်မရထမရ ဖြစ်နေရရောဗျို့..။

ဆိုတော့ကာ ချစ်တီးနဲ့မဂျိုးတို့က မနေ့ကအဖြစ်အပျက်ကို ပဲပုပ်မ ပြောကြောင်း သူ့အပေါ်စိတ်သဘောထားပြောင်းသွားတဲ့ သနပ်ခါးနဲ့ သောက်လိုက်ကမ်းဆိုးမသိတဲ့ အောင်သွယ်ပေါက်ကျိုင်းကို သူငယ်ချင်းအဖြစ်က လုံးဝဖျက်လိုက်ပြီလို့ အမှာတော်ပါးလိုက်တော့ သတဲ့ဗျာ ၊ သနပ်ခါး ကလဲ သူငယ်ချင်းကို ရည်းစားစာပေးမိတာ သူ့ရဲ့အပြစ်ဆိုပြီး သူ့ပြူးကြောင်တောင် မျက်လုံးကို အတင်း ရီဝေ အောင်လုပ်ပြီး ကောင်းကင်ပေါ်ကိုလက်ညိုးတစ်ထိုးထိုး ရင်ဘတ်ကိုတစ်ဘုန်းဘုန်းနဲ့ ပဲပုပ်မရယ် ငါ့ကိုခွင့်လွတ်ပါ အားလုံးငါ့အပြစ်တွေပါ ပဲပုပ်မရှိရင် ဒီကမ္ဘာမှာနေလို့တောင်ကောင်းတော့မှာမဟုတ်ဘူး လို့ ဝင်းဦးအကြောဆွဲမျက်လုံးတစ်ဖက်ပင့် စတိုင်နဲ့ ဟန်ရေးလုပ်ပြောပြောနေလို့
ဒီသောက်ရုးကိုထိန်းနေရတာလဲတမှောင့်ခင်ဗျ ..

ဒီကောင်ရုးပုံများပြောပါတယ်လောက်စာလုံးထုံးတို့ထားတဲ့မျက်နှာ ..အတင်းရီဝေထားတဲ့ မျက်လုံးတွေနဲ့ စာရေးဆရာမောင်သာပြည့်ရဲ့ ဝတ္ထုတွေထဲက စာတွေကို ရွတ်ပြီး အလွမ်းသယ်နေလိုက်တာများ ပေါက်ကျိုင်းတို့သုံးယောက် အိမ်နေရိပ်ထဲမှာ ဖင်ထိုင်ခုံလေးတွေ ကိုယ်စီနဲ့ စိတ်မသက်မသာအားပေးလိုက်ရတာ နေကိုစောင်းရောဗျား.. ညနေလဲရောက်ရော ဖီလင်တွေတက်နေတဲ့မောင်မင်းကြီးသားက သူ့ရဲ့ ရည်းစားတောင်မဖြစ်ခဲ့တဲ့ အသဲကွဲဖီလင်ကို အရက်နဲ့ဆေးကြောမယ်ဖြေဖျောက်မယ်ကွာ ဆိုပြီး စကားကြီးစကားကျယ် လာညှိတော့ ပေါက်ကျိုင်းမလဲ အားရဝမ်းသာ အမြည်းနဲ့မူးရတော့မယ်ဆိုပြီး ကောက်ကောက်ပါအောင်လိုက်သွားသဗျ.. ( ပေါက်ကျိုင်းတို့ ယာမကာလေးမှီဝဲပြီဆိုရင် ဆိုင်ရှင်တွေက သဘောအလွန်ကျဘဲ အရက် ၅ကျပ်ဖိုး ဆိုရင် အမြည်းက တစ်ဆယ်ဖိုးလောက်ကိုင်မှ မူးတယ်ဆိုတော့ ခမျှာတွေမလဲ အမြည်းရောင်းအားတက် တော့ ပေါက်ကျိုင်းတို့ချာတိတ်တွေလာရင် အူယားဖားယား ကြိုဆိုလိုက်တာ မျက်စေ့ကိုနောက်ရော ) အဲဒီအချိန်တုန်းက တစ်လုံးကို တစ်ဆယ်သာ ပေးရတဲ့ ရွှေလိမ္မော်အရက် တစ်ပိုင်းကို တယောက်တစ်ဝက်ဆီ ဖန်ခွက်ထဲထဲ့ အမြည်းကောင်းတာလေးတွေ တစ်ဆယ်ဖိုးလောက်မှာပြီး အရက်လေးတစ်ငုံစွတ် အမြည်းကို ပါးဖြဲနားဖြဲစား ဒီအရည်ဝင်လာပြီဆိုရင် ဒီသောက်ရုးသွေးကစလာပါပြီ..၊

“ ငါ့ကိုခွင့်လွတ်ပါ ပဲပုပ်ရယ် ဒီအချစ်ကြီးတတ်တဲ့ ငါ့ကိုခွင့်လွတ်လိုက်စမ်းဘာ ”

“ နင့်ရဲ့အမုန်းကို ငါတသက်လုံးကျေကျေနပ်နပ်ကြီး ခံယူဘာ့မယ်… အိ.. ”

“ ဟဲ့ကောင် သနပ်ခါး ဘေးကလူတွေကြည့်နေပြီ ဘယ်လိုဖြစ်နေတာလဲ ရှက်စရာကြီး ”

“ မင်းရဲ့ရင်ဘတ်ထဲမှာ အချစ်ဆိုဒါ မပေါက်ဖွားဖူးတေးတော့ ငါ့အဖြစ်ကို ဘယ်လိုစာနာနိုင်မှာရဲ တငယ်ဂျင်းရာ .
အိ.. ရွတ်..”

“ သူမကြိုက်လို့နေမှာပေါ့ သေချင်းဆိုးရဲ့ နောက်တစ်ယောက်ပေါ့ကွာ ငါကူ အောင်သွယ်ပေးမှာပါဟ .
တကယ်ထဲ ..”

“ ငါ့ရင်ထဲက အချစ်ကို မင်းမတိနိုင်ပါဘူး ပိတောက်ဆိုပိတောက် တစ်ယောက်ဆိုတစ်ယောက် ဆိုတဲ့ လင်္ကာလေးက
ငါ့ အတဲနှလုံးပေါ်မှာ ခိုင်ခိုင်မာမာ ရေးထိုးထားမိနေဘီကွ အီး ဟီးဟီး.. ”

အရည်လေးကလဲစွတ်လာ ပေါက်ကရတမ်းလေးဆယ် အော်အော်ပြီးငိုခြင်းချနေလို့ ပေါက်ကျိုင်းမလဲ ဘေးဘီ ယမကာဆရာတွေကို အားနာလာတာနဲ့ ဒီငိုကြောရှည်မောင်သနပ်ခါးကို ဆိုင်ပြင်ဆွဲထုတ်ခဲ့ရသဗျ.. မှောင်လဲမှောင်လာပြီဆိုတော့ တယောက်ပုခုံးကိုတစ်ယောက်ဖက် သူ့ရဲ့မဟာအချစ်နိကာကြီးကိုနားဆင် ရင်း အိမ်ပြန်လာလိုက်ကြတာ ပဲပုပ်မရဲ့ အိမ်လမ်းဆုံကိုရောက်တော့ ဗြုန်းဆို တုန့်ကနဲရပ်တဲ့ပြီး လူရိပ်ရောင်မြင်နေရတဲ့ ပဲပုပ်ရဲ့ အိမ်ကိုတည်တည်ကြီးဆိုက်ကြည့်နေတာ အကြာကြီး ပြီး ဦးကျော်ဟိန်း စတိုင် ဒူးကိုဖြေးဖြေးချင်းထောက် လက်နှစ်ဖက်ကို အပေါ်ကိုဆန့်ထုတ်ပြီး
“ အချစ်ဟာ မီးလိုပူလောင်စေနိုင်သလား ပဲပုပ် ” လို့ သူ့ရဲ့ ဂီလာနမောင်းကွဲသံကြီးနဲ့ အော်လိုက်တာ ပေါက်ကျိုင်းတောင် ကြက်သီးထလန့်ဖြတ်သွား ပြီး ဘေးအိမ်တွေက ဆူဆူညံညံ အသံတွေကလဲ မီးကိုရေနဲ့သတ်လိုက်သလိုရှဲကနဲ ငြီမ်တိတ်သွားသဗျ..
“ ဒီ ပူလောင်လွန်းလှတဲ့ မီးကိုမှ ငါဆိုတဲ့ကောင်က ရဲရဲကြီး ဆုပ်ကိုင်မိလိုက်ရပြီ ပဲပုပ်ရေ.. ” ဟေ့ကောင် သောက်ရုးရဲ့ မင်းဘာတွေ ပေါက်ကရလျှောက်အော်နေတာလဲဆိုပြီး အတင်းဆွဲထူ လို့ ပေါက်ကျိုင်းတို့နှစ်ကောင်သား ခွေးတစီစီနဲ့…။

“ ပဲပုပ် ငါနင့်ကို ”

“ ဒေါက် ”

“ ဘာ သံလဲ ဟ ပြောင်ကြီး ”

“သိပါ့မလား သေနာရဲ့ ခြံစည်းရိုး ဆီကဘဲ ”

“ ပဲပုပ် ငါနင့်ကို အရမ်း ”

“ တောင် ”

“ လေးခွနဲ့ဆော်သဟ သနပ်ခါးရ ”

“ ဒေါင် ”

“ အောင်မလေးဗျ .. အား လားလား တကယ်ဆော်တယ်.. ”

စက်သနပ်ပစ်သလို တဒိုင်းဒိုင်း အသံလာရာဆီကို ကြည့်လိုက်တော့ လားလား..ဝင်းတခါးအဝ လမ်းမီးရောင်အောက်မှာ လောက်စာလုံးလွယ်အိတ်ကိုလွယ်ပြီး ပေါက်ကျိုင်းတို့ဆီ ချစ်လှစွာနဲ့ လောက်စာလုံးပန်းလေးတွေ တယုတယ ကျဲနေတဲ့ ပဲပုပ်မကို မြင်တော့ .. နောက်ကျတဲ့ ခြေထောက် သစ္စာဖေါက်ဆိုပြီး ခြေကုန်သုတ်ပြေးလိုက်ရတာ.. ခုနက မြေကြီးပေါ်မှာဘဲ အိပ်တော့မယ်ဆိုတဲ့ အမူးကောင်သနပ်ခါးက ပေါက်ကျိုင်းရှေ့ ဆယ်လှမ်းထက်တောင်
ပိုသေးသဗျား လှစ်ကနဲလှစ်ကနဲ ….။

နောက်နေ့ ပေါက်ကျိုင်းမလဲ ချစ်တီး မဂျီုး တို့ဆီနား သတင်းရတာကတော့ မနေညက သနပ်ခါး တစ်ယောက် ပဲပုပ်ဆီ သူ့ဂီလာနမောင်းကွဲ အသံနဲ့ ပဲပုပ် ပဲပုပ်နဲ့ တပုပ်ထဲပုပ်နေလို့ မဟာအရှက်တော်ရခဲ့ကြောင်း ပြီးတော့ သွေးတိုးသည် ပဲပုပ်အမေ အလွန့်အလွန်သွေးတက် လန့်ဖြန့်သွားလို့ သူတော်တော်စိတ်ဆိုးသွားကြောင်း သိလိုက်ရတယ်ခင်ဗျ .. ။
ဒါပေမဲ့ ဟိုး ငယ်ငယ်လေးကတည်းက မောင်နှမအရင်းတွေလိုနွေးထွေးပေါင်းသင်းလာကြတဲ့ သူငယ်ချင်းတွေဆိုတော့ကာ စကားမပြောမတည့်လဲ ဆယ့်ငါးရက်တစ်ပါတ်ပါဘဲ... ဒါပေမဲ့ ပဲပုပ်မ ကတော့ သနပ်ခါးကို နေ့တိုင်းမျက်စောင်းတထိုးထိုးလုပ်နေတုန်း သနပ်ခါး ကလဲ ပဲပုပ်မ ကို ပြူးကြောင်တောင်မျက်လုံးကို အတင်း ရီဝေ နေအောင်လုပ်ပြီး ခိုးခိုးပြီး ခဏ ခဏ စိုက်စိုက်ကြည့် နေတုန်း…..။

ဒီလိုနဲ့ ပေါက်ကျိုင်းမလဲ ကိုယ့်ရဲ့ယုံကြည်ချက်အကျိုးအပဲ့တွေနဲ့အတူအပေါင်းအသင်းနဲ့ ဝေးဝေးသွားလိုက်တာ ဘဝ လှိုင်းလေကြမ်းကြမ်းထဲမှာ ကူးခပ်လိုက်ရ မြုတ်ချည်ပေါ်ချည်နဲ့ ဖတ်ဖတ်မောရလိုက်ရတာ လေ…
ထီးထမ်းလမ်းလျှောက်ဘဝဆယ်နှစ်နှစ်ကျော် အလူးအလဲစိတ်ဒါဏ်ရာ ဗလပွနဲ့ ရှိနေတုန်းမှာ ပေါက်ကျိုင်းအမေ တောထဲတောင်ထဲ မကြောက်မရွံ့ သားဇောနဲ့ ပြန်လာခေါ်မှ အိမ်ကိုပြန်ရောက်တော့ စိတ်ဓါတ်ခိုင်မာလှပါတယ်ဆိုတဲ့ အဖေ.. ပေါက်ကျိုင်းကို တစ်စိမ့်စိမ့်ကြည့်ပြီး သူ့ရဲ့ မျက်မှန်လက်လက်အောက်မှာ မျက်ရည်စီးကြောင်းလေး မြင်ခဲ့မိပါရဲ့ ဗျာ..

ပေါက်ကျိုင်း ၂၀၀၃ ခုနှစ် အိမ်ကိုပြန်ရောက်တော့ ချစ်တီးနဲ့မဂျိုးတို့ လက်ထပ်ပြီး သူ့ရဲ့မုန့်တိုက်မှာဘဲ ဦးစီးလုပ်ကိုင်ပြီး အဆင်ပြေကြတယ်လို့ သတင်းကြားတော့ အားရဝမ်းသာ သူ့တောင်ကြီးအိမ်ဆီ ဖုန်းဆက်တော့ ချစ်တီးက သူတို့နှစ်ယောက်က ဟိုးငယ်ငယ်လေးကတည်းက ကြိုက်လာကြပါသတဲ့ ဒါပေမဲ့ ဒီ နှစ်ယောက်က အေးလွန်းပြီးလျို့ဝှက်ထားနိုင်လို့ဘဲလား ပေါက်ကျိုင်းကဘဲ ညံ့လွန်းလို့လားဘဲခင်ဗျ.. ဒါပေမဲ့
သူငယ်ချင်းတွေ မခွဲမခွာအတူတူဆိုတော့ ကျေနပ်မိတာတကယ်ပါ..။

နောက်ပြီး သနပ်ခါးအောင်ဆွေ လဲ ရန်ကုန်က ကုမ္ပဏီတစ်ခုမှာ အမ်ဒီကြီးဖြစ်နေပြီဟ ပြီးတော့ ပဲပုပ်မနဲ့ ယူသွားတာ ကလေးတောင် အထီးတစ် အမနှစ် ပေါက်နေပြီကွ လို့ အားရဝမ်းသာ အာလုပ်သံကြီးနဲ့ပြောတော့ ပေါက်ကျိုင်းပါးစပ်ကနေ “ ဟေ ” လို့သာထွက်နိုင်ပြီး အံသြတကြီးကိုဖြစ်လို့ .. ၊ ဘယ်နှယ့် တစ်ယောက်နဲ့တစ်ယောက် တစောင်းစေးနဲ့မျက်ချေး လိုဖြစ်နေရကာနေ ဘယ်လိုငြီမ်းချမ်းရေးရသွားတာလဲ လို့တွေးရင်း ဒီသနပ်ခါးအောင်ဆွေရဲ့ အိမ်ကိုသွားတော့... အားရဝမ်းသာ ငယ်ငယ်ကလိုဘဲ ဆဲကြဆိုကြထုထောင်းကြနဲ့ ကြိုဆိုတော့ ပေါက်ကျိုင်းငယ်ဘဝကိုသတိရမိပြီး မျက်ရည်စို့မိတာအမှန်ပါ.. ။

သနပ်ခါးအောင်ဆွေကတော့ လောက်စာလုံးထုံးတို့ငယ်ရုပ်မပျောက်သေးပေမဲ့ ဒီ စိုးမြတ်ပဲပုပ် ကတော့ငယ်ငယ်ဘဝက ငါးရန့်ကိုယ်လုံးကနေ ဘယ့်နှာ ဖား ဘော်ဒီကြီး ထွက်လာရသလဲဆိုတာကို ပေါက်ကျိုင်းတစ်ကောင် လေ့လာသုံးသပ် စဉ်းစားနေတုန်း.. ပဲပုပ်ရဲ့ ငယ်ဘဝ ဝသီအတိုင်း ဟိုမှာအကြာကြီးဘာသွားလုပ်နေတာလဲ … အဆင်ပြေလား မိန်းမကောရပြီလား ၊ နင့်အဖေနဲ့အမေ တောင် နင်သေပြီဆိုလို့ ဆွမ်းသွတ်တရားနာ လုပ်နေတုန်း အစွဲအလန်းကြီးတဲ့ မဂျိုး ငိုပြီးတက်သွားလို့ ငါတို့မနဲ နှာနှပ်ယူရတယ် .. အဲဒီနေ့ ညနေမှာဘဲ သားအကြီးကောင်ကို မွေးတာ. ပေါက်ပန်းပန်းလေးဆယ် ပြောလဲပြော ပေါက်ကျိုင်းကို ဧည်ခံထားတဲ့ လက်ဖက်သုပ်နဲ့ ရေနွေးကြမ်းကို သူချည်းဘဲ ပလုပ်ပလောင်းစား နဲ့ တော်တော်လေးကို အလုပ်ရှုပ်နေလေရဲ့ခင်ဗျ..၊ ။

ဒါနဲ့ ပေါက်ကျိုင်းရင်ထဲ ကလိကလိဖြစ်နေတဲ့ ပဲပုပ်နဲ့သနပ်ခါးတို့ရဲ့ ချစ်ကြည်ပေါင်းထုပ် ကိစ္စ ကို မေးတော့ .. သနပ်ခါးမလဲ ပဲပုပ်မ ကိုမရတော့ ရင် ထမင်းလဲမစား ကျောင်းလဲမှန်မှန်မတက်တော့ တမှိုင်မှိုင်တတွေ နဲ့မို့လို့ ငယ်သံယောဇဉ်နဲ့ သနားပြီး လက်ထပ်ဖြစ်ခဲ့ ပါသတဲ့ .. ပြီး သူတို့နှစ်ယောက်အခုလိုသံယောဇဉ်ကြီးကြီးနဲ့ လက်ထပ်ဖြစ်တာ ပေါက်ကျိုင်းကျေးဇူးကြောင့်ဆိုပြီး မင်း သေသွားပြီထင်လို့ ဆွမ်းသွတ်တဲ့နေ့မှာမွေးခဲ့လို့ သူတို့ရဲ့ အကြီးကောင် သားဦးကို အိမ်နာမည် ပေါက်ကျိုင်း လို့ တခုတ်တရ သတိရစွာနဲ့ ပေးခဲ့ပါသတဲ့ .. ဒါ ဟုတ်လားလို့ သနပ်ခါး ကို ပေါက်ကျိုင်းမေးတော့ ဒီကောင် ပြန်မဖြေဘဲ ပြုံးစိစိကြီးလုပ်နေလို့ သူ့ရဲ့မဒမ်စိုးမြတ်ပဲပုပ်က မျက်စောင်းတခဲခဲ…။

သူကဘဲ ပြောင်ကြီး နင်မိန်းမယူသေးဘူးလား မစွံနိုင်လို့ဘဲလား နင်အစွမ်းအစမရှိရင် ငါရှာပေးမယ် လို့ ပြောတော့ .. အေးဟာ ငါလဲ ဒီကိုရောက်တုန်း မိန်းမတစ်ယောက်လောက်ရှာပေးဖို့ ငါ့အဖေနဲ့အမေ ဆီ အပူကပ်မလို့လုပ်တုန်း ငါ့မလဲလေ နင့်ကိုမြင်လိုက်ရတော့ သားစိတ်မယားစိတ်ကုန်ပြီး ကတုံး တုံး တောထွက်ရမလား စဉ်းစား နေတာ လို့ ပြောလိုက်တော့ ဒီပဲပုပ်မ ငယ်သောက်ကျင့်အတိုင်း ဆဲလိုက်သာမှ မိုးမွန်လို့…။


( ပဲပုပ် နော် ချစ်လို့ကြည်စားတာနော် ချိတ်ချိုးနဲ့ ကြားလား .. ဖုန်းပိတ်ထား ဦးမှ အဟီး.)

6 comments:

  1. ငယ်ဘ၀..ငယ်အကြောင်းတွေဆိုတာ အခုအချိန်ပြန်စဉ်းစားရင် ရယ်စရာပဲ။ ဆက်ရေးပါဦးဗျ။ အားပေးနေပါတယ်။

    ReplyDelete
  2. သြော် ငယ်ဘ၀၊ ငယ်ဘဝ...
    ဖတ်လို့ကောင်းတယ် ကိုပေါက်ရေ....

    ReplyDelete
  3. ပဲပုပ်မတော့ဘယ်လိုနေမုန်းမသိဖူး
    ကျွန်တော်တော့ ရေလည် အူရွင်သွားတယ်ဗျး)

    ReplyDelete
  4. အမယ်လေး ကိုပေါက်ကျိုင်းရယ် နေရာလာဦးပါတယ်ဆိုမှ
    တစ် ဆိုတာလေ ဟဟ ငမူးကလာသောင်းကျန်းပါတော့မယ်
    လယ်ကြွက်နဲ့ လာမယ်ဆိုလို့ စောင့်နေမယ် ခုတော့စာဖတ်ဦးမယ် စာဖတ်ပြီးမှ တစ်ခါ ပြန်မန့်မယ် ဟဟ

    ReplyDelete
  5. မှတ်စုတွေလာဖတ်တယ်။
    ပြူတင်းပေါက်ကနေလာကြည့်သွားတာပါ။

    ReplyDelete

ကိုယ့်ရဲ့အထင်အမြင်လေးကို ဒီနေရာကနေ ရေးနိုင်ပါတယ်ခင်ဗျ..