Pages

Tuesday, March 30, 2010

ပွဲကြိုက်မောင် ဘိုရှုပ် နှင့် ငမိုက်သား ပေါက်ကျိုင်း

ကြာတော့လဲကြာခဲ့ပါပြီ ဟိုးလွန်ခဲ့တဲ့ နှစ်များစွာတုန်းက ပေါက်ကျိုင်းတစ်ယောက် တနင်္သာရီ တောထဲတောင်ထဲက ဘုတ်ပြင်းမြို့နယ်နဲ့ ကော့သောင်းမြို့နယ်ကြားက စူငယ်ဘာလိုင်း ဆိုတဲ့ ရွာသိမ်လေးတစ်ရွာမှာ ကိစ္စတစ်ခုနဲ့ တစ်ဝါဆိုဘူးတယ်ခင်ဗျ အဲဒီ ရွာလေးမှာ ပေါက်ကျိုင်းတို့ ခေါ်ဝေါ်နေတဲ့ ပသျှူးလူမျိုးခေါ် မလေးယားလူမျိုးတွေ နေထိုင်ကြပါတယ် .. ရွာကလေးကိုမျက်စိထဲ မြင်အောင်ပြရမယ်ဆိုရင် သဲဖြူဖြူလွလွ ပင်လယ်ကမ်းစပ်သောင်ပြင်ကြီးနဘေးမှာ ကမ်းစပ်ကို မေးတင်ပြီး ရှည်တန်ရှည်အိမ်ကလေးတွေ ဆောက်ထားတဲ့ ယိုင်နဲ့နဲ့ တဲသာသာ အိမ်လေး နှစ်ဆယ်လေးအိမ် သူတို့ ဝတ်ပြုကိုးကွယ်တဲ့ ဗလ်ီခပ်သေးသေးတစ်လုံး ၊ဘယ်လက်ထက်ကတည်းကဆောက်လုပ်ထားမှန်းမသိရတဲ့ ကြီးမားတဲ့ ဆရာ ကျောင်းသား မရှိတဲ့ မူလတန်းကျောင်းဆောင်ကြီးတစ်ဆောင် ရယ်နဲ့ ရိုးသားအေးဆေးစွာနဲ့ တံငါလုပ်ငန်းနဲ့ လုပ်ကိုင်စားသောက်ကြတယ်ခင်ဗျ.. ။

ဒီ ပသျှူးလူမျိုးတွေဟာ ကောသောင်းမြို့ကနေ ဘုတ်ပြင်းမြို့နယ်ကြားပင်လယ်ကမ်းစပ်တွေမှာ ရွာတည်လုပ်ကိုင်စားသောက်နေထိုင်ကြတာ ရွာသီမ်ရွာလတ်အပါအဝင် ရွာကြီးစုစုပေါင်း လေးငါးဆယ်ကျော်ရှိသဗျ.. ဆိုတော့ကာ ပေါက်ကျိုင်း တစ်ယောက် ဒီစူငယ်ဘာလိုင်းဆိုတဲ့ ရွာသိမ်လေးမှာ ရောက်ရှိလေ့လာရင်း ဒီရွာရဲ့ ရှေ့မှာ ပလောဘာလိုင်းဆိုတဲ့ ကျွန်းရွာလတ်တစ်ရွာ ဘေး မှာ ယောင်္ကျားခြေလှမ်းနဲ့ လျှောက်ရင်နာရီဝက်ပျော့ပျော့ ရှိတဲ့ စူငယ်ပေါက်ခေါင်း ဆိုတဲ့ရွာသိမ်လေးရယ် မြောက်ဖက်စွန်းစွန်းနားမှာ ဟိုး.. အရင် ဂျပန်ခေတ်က ဖေါက်လုပ်ခဲ့တဲ့ အလွန့်အလွန်ကောင်းသေးတဲ့ လေယဉ်ပျံကွင်းကြီးတစ်ခုရယ် ဒီကွင်းအလွန်မှာ အောင်ဘာ၊ အောင်မြန်မာ ၊ ကံပုံမာတမ်း ဆိုတဲ့ မြန်မာရွာကြီးသုံးရွာ..အမြင်တစ်ကမ်းရှိတဲ့ ပလောကျလိကျွန်းတန်းရှည်ကြီး ပြီး အလွန်လှပဆန်းကြယ်တဲ့ ဇိဝစိုးငှက်များခိုအောင်းရာ ပင်လယ်ထဲမှာထိုးထိုးထောင်ထောင်ထွက်နေတဲ့ ငှက်သိုက်ကျွန်းကြီး နှစ်ခု ၊တောင်ဖက်မှာ ထောင်ကျရဲဘက်များ လုပ်ကိုင်နေကြတဲ့ စားအုန်းဆီခြံ ရဲဘက်စခန်းကြီး သုံးခု..၊ နောက်ပြီး ဒီ စူငယ်ဘာလိုင်းရွာလေးရဲ့ တောထောက်နောက်ခံ က ကောင်းတာရယ်ကြောင့် ဝေလေလေပေါက်ကျိုင်း ဒီရွာလေးမှာ တစ်နှစ်နီးပါး နေထိုင်ခဲ့ဘူးပါတယ်.. အဲဒီရွာက ဦးစီးဦးဆောင် လူကြီးတစ်ဦး ကို ပေါက်ကျိုင်းပြောဆိုအကူအညီတောင်းပြီး ရွာအစွန်အုန်းပင်တန်းကြားထဲမှာ ဆယ်ပေ ဆယ်ငါးပေ တဲအလုံပိတ်လေးတစ်လုံး ထိုး ကြုံရာကျပန်း အလုပ်လုပ်ပြီး ပင်မလားရာ ရေစီးကြောင်းဆီကို တစ်လ တစ်လခွဲ တစ်ခေါက် ပုံမှန် ကုန်းတတန်ရေတတန်တက်ပြီး တော်ကီလွတ်ပေးရသဗျ..။

အဲဒီမှာ တနစ်နီးပါးနေထိုင်ရင်း ဝေလေလေပေါက်ကျိုင်း ကြုံခဲ့ရတဲ့ အဖြစ်က ဒီလိုပါ..
ပေါက်ကျိုင်း တဲလေးဆီကို နေ့တိုင်းလိုလို ရဲဘက်လွတ်လူ ၊ ရဲဘက်လွတ်ခါနီးလူ ၊ သူတို့ အခေါ် ဘုတ်ထုတ်တဲ့လူ ( မလွတ်သေးတဲ့ လွတ်ရက် တော်တော်လေး ဝေး သေးတဲ့ ရဲဘက်အကျဉ်းသားတွေကို ထောင်ပိုင်ထောင်မူးတွေက စခန်းအပြင် ငွေရတဲ့ သစ်ထမ်း လွှတိုက် ဥယျဉ်ခြံရှင်း အလုပ်တွေကို ထောင်ဝန်ထမ်း တစ်ဦး ဦးဆောင်ပြီး ရဲဘက် ဆယ်ယောက်ဆယ့်ငါးယောက် ခြေကျဉ်းသံ တချွှင်ချွှင်နဲ့ အနီးအနားရွာတွေမှာအလုပ်လုပ် အခကြေးငွေယူပြီး ရတဲ့ ငွေကို ထောင်မူးထောင်ပိုင်တွေက အိတ်ထဲထဲ့ အသားလွှတ်ရနေတဲ့ အကြံအဖန်လူ ) တွေက ပေါက်ကျိုင်းကို သူတို့ အခေါ် ဟိုး အထက်မြန်မာပြည်ကလာတော့ အထက်သား ဒါမှမဟုတ် ပုဂံပေါက်ကျိုင်း ရဲ့ တဲဆီကို ခြေကျဉ်းသံ တစ်ချွှင်ချွှင်နဲ့ ဝင်လိုက်ထွက်လိုက်နဲ့...။

ဒီရွာက ပသျွှူးလူမျိုးတွေကလဲ သူတို့ကို ထောင်ကျရဲဘက်မှန်းသိလို့ ရွံကြောက်ကြီး ဖြစ်နေတာရယ် နောက်ပြီး ပေါက်ကျိုင်းတစ်ယောက်ကလဲ သူတို့ရဲ့ အထက်မြန်မာပြည်က လာတဲ့ အထက်သား ဆိုပြီး အားကိုခင်မင်တာကလဲတစ်ကြောင်း ပေါက်ကျိုင်းတဲလေးဆီကို ဝင်ထွက်စားသောက် မပြတ်ဘူး ခင်ဗျ..။

အဲဒီလို ဝင်ထွက်သွားလာနေတဲ့ ရဲဘက်တွေထဲမှာ မြန်မာပြည်အစွန်အဖျား ဝန်းသိုကောလင်း ဖက်က အများတကာ နာမည်ပေးထားတဲ့ ဘိုရှုပ် ခေါ် မောင်ချိုဆိုတဲ့ ရဲဘက်လွတ်ရက် သုံးလခန့်သာလိုတော့ တဲ့ ရဲဘက်တစ်ယောက်ရှိသဗျ ..သူမှာ လွတ်ရက်က အလွန်နီးလာတာရယ် အပြင်မှာ ငွေအရှာတော် တာရယ်ကြောင့် ခြေကျဉ်းမခတ်ဘဲ လွတ်လွတ်လပ်လပ် သွားလာလို့ ရသဗျို့.. သူ့ပုံကို မြင်အောင်ပြရမယ်ဆိုရင် ဆံပင်ကောက်ကွေး မျက်နှာမဲပြားပြား ပုကွဂင်တို ခြေလိမ်ကောက်ကောက်နဲ့ တစ်ခါမှ ဖိနပ်မစီးတဲ့ ခြေပြားပြား ထူလဗြစ်ကြီးနဲ့ပါ..။

သီချင်းဇတ်ထုပ်ကြိုက်ပုံများ သူလုပ်အားခရတဲ့ ငွေလေးနဲ့ ကက်ဆက်ကြီးတစ်လုံးဝယ် သူ့ပုဆိုးကွင်းထဲကို ဓါတ်ခဲရှစ်လုံးဆန့် ကက်ဆက်ကြီးကို ထဲ့ ပုဆိုးအပေါ်စကို လုံးကျစ် ပုခုံးစလွယ်သိုင်းပြီး သူ့အကြိုက်ဖြစ်တဲ့ ဟင်္သတထွန်းရင်ရဲ့ အမေနဲ့ရွာကိုလွမ်းတယ် သီချင်းခွေ ၊ တွံတေးသိန်းတန်သီချင်းခွေ ၊ ဇတ်လမ်းခွေတွေဖြစ်တဲ့ ပေါက်ပင်ဘာကြောင့်ကိုင်းရတယ် ၊ မုန်တိုင်းထန်၍ဗျိုင်းလန့်ပျံသည် ၊ စိုးမိုးမေတ္တာ စတဲ့ တောကြိုက် သီချင်းဇတ်လမ်းခွေ တွေကိုအသံဂိတ်ဆုံးဖွင့် သူ့ အဆောင် ယမ်းထောင်း ( တူမီး ) သေနတ်ကိုလွယ် ပေါက်ကျိုင်းတဲလေးဆီမှာ တစ်ထောက်နားပြီး ဟိုရွာဒီရွာတွေမှာရှိတတ်တဲ့ အလုပ်လေးတွေကို တစ်ပတ်ဆယ်ရက်တန်သည် လုပ်ကိုင်ပြီး သူ့ ရဲဘက်စခန်းဆီကို ပြန်ပြန်တတ်သဗျ ..။

အဲဒီမှာ ပေါက်ကျိုင်း ရှင်းပြချင်တာတစ်ခုက သူတို့လို လွတ်ခါနီးရဲဘက်တွေကို အပြင်အလုပ်တွေလုပ်ရင်း တစ်နေ့ တစ်ရာ့ငါးဆယ်ကျပ် ကို ထောင်မူးထောင်ပိုင် တွေကို ပေးရပြီး ကျန်တဲ့ တစ်နေ့လုပ်စာ အကျန်ကို သူတို့ ပိုင်လို့ ဒီ ရဲဘက်တွေကို အထင်မသေးနဲ့ ခင်ဗျ ရွှေတွဲလဲငွေတွှဲလဲနဲ့. နောက်ပြီး ထောင်မူးထောင်ပိုင်အများစု ကလဲ ဒီတောထဲတောင်ထဲမှာ ငွေစတချွှင်ချွှင် စမောလေးတွေ ကိုယ်ဆီနဲ့ ဘုရင်ငယ် တပါး သမျှ ခင်ဗျ..။

ဒီ ဘိုရှုပ် အကြောင်းပြောချင်ပါတယ် … သူ့ဇာတိ ဝန်းသိုကောလင်းမှာ သူက ဆင်ဦးစီးတစ်ဦး ဖြစ်ပါသတဲ့ .. အဲဒီမှာ သူနဲ့ ရည်းစားဖြစ်နေတဲ့ မိန်းခလေးက တောင်းရမ်းဖို့ နားပူဂျီတွန် တာနဲ့ ကြံရာမရ ဖြစ်ပြီး ငွေရအောင် သူစီးတဲ့ စွယ်စုံဆင်ကြီးရဲ့ အစွယ်တစ်ဖက်ကို လွှနဲ့ဖြတ် ရောင်းစားလို့ ထောင်သုံးနှစ်ကျလာပါသတဲ့ ၊ ဒီရဲဘက်စခန်းကိုရောက်လာတော့လဲ တောသူတောင်သားပီပီ အလုပ်ကြမ်းလုပ်နိင်လေတော့ ငွေစတစ်ချွှင်ချွှင်နဲ့ သွားလေရာပါတဲ့ တစ်ဂါလံဝင်အရက်ပုန်းတစ်လုံးကိုင်ပြီး တွေ့တဲ့နေရာတိုင်းမှာ တစ်မျှမျှနဲ့ခင်ဗျ..။

သူအလုပ်အကိုင် အဆင်ပြေလို့ ပေါက်ကျိုင်းတဲလေး ဆီ တစ်ထောက် ရောက်လာပြီဆိုရင် ပါလာတဲ့ ပိုက်ဆံ အချို့တစ်ဝက်ကို ပေါက်ကျိုင်း ဆီ အပ် သူ့ ရဲဘက်စခန်း ဆီ မပြန်သေးဘဲ လေးငါးရက်တန်သည် သောက်စားမူးမျိုဆို့လို့ ဝ မှ စခန်းကို အရက်နာကျ ဘိုရှုပ် တစ်ကောင် စောင်းငန်းကုတ်ချောင်း နဲ့ သူ့ စခန်းကို ပြည်တော်ဝင်တတ် လေ့ ရှိပါတယ်…။

ထောင်မူးထောင်ပိုင်တွေကလဲ ဒီ ဘိုရှုပ်တို့ အပြင်မှာ ဘယ်လောက်ကြာကြာ တစ်ယောက်အတွက် တစ်နေ့ တစ်ရာ့ငါးဆယ် ရနေလေတော့ ဒီ သကောင့်သား အပြင်မှာ ကြာလေ သူတို့အကြိုက်ပေ ကိုး ခင်ဗျ…. ၊ ဒီ သကောင့်သား မူး တတ် ပုံများပြောပါတယ် .. တစ်ခါတစ်များ အပြင်မှာ ရေချိန်လွန်အံဖတ်ဆို့ သောက်စားပြီး ပြန်လာပြီ များဆိုရင် သရဲတောင်ငိုကြောက်ရတဲ့သူ့ ရုပ်နဲ့ တစ္ဆေသရဲ အလွန်ကြောက်တတ်လို့ သူ့ကက်ဆက်ကြီးကို အသံကုန်ဖွင့် လေးဖက်သွား သိုင်းကွက်နင်းနဲ့ ပေါက်ကျိုင်း တဲလေးဆီ မရရအောင် ပြန်လာလေ့ ရှိပါတယ်… ညည အမူးလွန်လို့ တောထဲ လွှတိုက် အလုပ်စခန်း ဆီက ပြန် မပြန်နိုင်တော့ဘူးဆိုရင် အဲဒီတောလူသွားလမ်းလေး တစ်ဖက်တစ်ချက်က ခြုံဖုတ် သစ်ပင်ကောင်းကောင်း တစ်နေရာမှာ သူ့လော်စပီကာကက်ဆက်ကြီးကို အသံကုန်ဖွင့် လက်ဆွဲတော် ယမ်းထောင်း (တူမီး ) သေနတ် နဲ့ အရက်ပုံး ကို ဘေးမှာချ အရက်တစ်မော့မော့နဲ့ စက်တော်ခေါ် တတ်သဗျ..။

ပေါက်ကျိုင်း တစ်ခါများတွေ့ဘူးပါတယ် မနက်ဝေလီလင်းကြီး သကောင့်သား ပေါက်ကျိုင်းတဲနဲ့နဲ့ ကို တစ်ဘုံးဘုံးထုပြီး နိုးပါလေရော ပေါက်ကျိုင်း အိပ်ချင်မူးတူးနဲ့ တံခါး ထဖွင့်ပေးတော့ ရွှံ့ဗွက်ချေးရာ ဗလပွ ကြောက်လန့်ပြူးကြောင်မျက်လုံးနဲ့ သူ့ကို တောဝက်အုပ်က နင်းသွားလို့ ကြောက်လန့်တစ်ကြားကုန်းရုံးထ ပြေးလာပါသတဲ့ .. သေနတ်နဲ့ အရက်ပုံး ကိုချန်ထားပြီးလက်နှိပ်ဓါတ်မီးတဝင်းဝင်းနဲ့ သကောင့်သားအချစ်တော် ကက်ဆက်ကြီးကိုပိုက်လို့ .. ဟုတ်မှာ ဒီသကောင့်သား ငမူး နောက်ကျောမှာ တောဝက်ခြေရာ အသေး အလတ် အကြီး ဗလပွနဲ့ .. စအို ကို ဝက်မပက်သွားတာ ကံကောင်း.. အဲဒီလိုပါ.. ပြီး သူအလုပ်လုပ်တဲ့ တောထဲမှာ အပင်းဆို့ သောက်စားမူးရူးပြီး သူ့အပေါင်းအသင်းတွေကို ရန်လုပ်သောင်းကျန်းလွန်းလို့ ထောင်မူးထောင်ပိုင် နားထဲရောက်ပြီး ခြေကျဉ်းပြန်ခတ် အဲဒီခြေကျဉ်းကွင်းတဖက်တချက် တစ်တောင်လောက်ရှိတဲ့ ဒေါက် ဆိုတဲ့ လက်တစ်ညိုး သံချောင်းကြီးနဲ့ ပြန်ခတ် ဆယ်လေးငါးရက်တစ်ပတ်တန်သည် အပြင်ပေးမထွက်တော့ဘဲ ဆူးကြိုးစခန်းထဲ ပြန်သွင်းထား သဗျ..၊ အဲဒါဆို ပေါက်ကျိုင်းမလဲ သနားပြီး ဒီထောင်မူးတွေဆီမှာ တောင်းပန် အသနားခံ နေ့တွက်ခ ပေး ပြီး ထုတ်ရတာလဲ အကြီမ်ပေါင်းမနဲ ခင်ဗျ.. သကောင့်သား ရဲ့ စုငွေ က ပေါက်ကျိုင်း ဆီမှာရှိတာကိုး…။

တစ်နေ့သားမှာ ဟိုး အောင်ဘာကျေးရွာကြီးမှာ ဘိတ် ဖက်က အငြိမ့်လေး တစ်ဖွဲ့ငှားပြီး ပွဲခံပါရောဗျို့.. ဒါပေမဲ့ ဒီနယ်တစ်ဝိုက်ရဲ့ ထုံးစံ အတိုင်း လောင်းကစား ဝိုင်း တွေကို ဟီးထနေအောင် ခင်း အငြိမ့်ပွဲလေး ပါတီပါချက် က လောင်းကစားဝိုင်းက ရတဲ့ ငွေနဲ့ ကျေးရွာလူကြီးတွေ ပြောင်ပြောင်ယောင်ယောင် ဖြစ်နေတဲ့ ခေတ် ကိုး ခင်ဗျ.. ဆိုတော့ကာ အဲဒီပွဲကို ရဲဘက်လွတ်လူတွေ ဟိုရွာဒီရွာလေး က ပွဲကြိုက်မောင်တွေ လောင်းကစားမောင်တွေ တစ်ဖွဲဖွဲတစ်ဖြုတ်ဖြုတ် သွားကြပါလေရော ဒါပေမဲ့ မောင်ပေါက်ကျိုင်း က ပွဲကြိုက်ဝါသနာ မရှိတာရယ် လူတောသူတောထဲ မတိုးချင်တာ ရယ်ကြောင့် ပေါက်ကျိုင်းရဲ့ တဲဗိမ္မာန်မှာ အေးအေးဆေးဆေးပါဘဲ…။

ဇတ်လမ်းက စပါပြီ ဒီ သကောင့်သား ဘိုရှုပ် ..

“ ကိုပေါက်ကျိုင်း ကျုပ် အောင်ဘာ အငြိမ့်ပွဲ သွားကြည့်ချင်တယ်ဗျာ ”

“ ဟ ငါမှပွဲမကြိုက်တာ မင့်ကောင်တွေနဲ့ သွားကြည့်ပေါ့ ”

“ ဒိကောင်တွေက မခေါ်ဘူးဗျ လွတ်ရက်မစေ့သေးလို့တဲ့ဗျာ ကျူပ်ထောင်ကျပြီးတော့ ပွဲကို တစ်ခါမှ မကြည့်ဘူးသေးတော့ လွှတ်ကြည့်ချင်တာ လုပ်ပါ”

“ ဟေ့ ဟေ့ကောင် ငါ့ကို မင်းအမူတွဲထဲ ဆွဲမထဲ့နဲ့ လွတ်တောင် မလွတ်သေးဘူး တော်ကြာ မင်းကြောင့် ငါပါ ဆူးကြိုးထဲ ရောက်နေဦးမယ် တော်ပါမောင်ရယ် ”

“ လုပ်ပါကိုပေါက်ကျိုင်း သွားရအောင် ထောင်မူးကို ကျုပ်ပိုင်ပါတယ် ပီးဆိုပီးဘဲ ပြီးတော့ အောင်ဘာရွာကလူကြီးနဲ့လဲ ကိုပေါက်ကျိုင်း လွှတ်ခင်နေတာဘဲ ”

“ သေချင်းဆိုးတော်တော့ ဒီလူကြီးနဲ့ငါက အပြင်မှာသာခင်တာမြင်ရတာ ငါက သူ ပေါက်ကရစားထားတာတွေ တဲ့တိုးပြောတတ်လွန်းလို့ ပုဆိုးခြုံထဲက လက်သီး တစ်ပြင်ပြင်နဲ့ သိရဲ့လား သေနာ ရဲ့ တော်ကြာ ငါ့ကို ”

“ ရမှာပါ ကိုပေါက်ကျိုင်းနော် ကျုပ် တောဝက်သား သုံးတွဲလောက် ဆွဲသွားပြီး လက်ဆောင်ပေး မျက်နှာပြရင် အဆင်ပြေမှာပါဗျ .. ပွဲသွားစရိတ်လဲ ကျုပ် အကုန်ခံပါ့မယ် ဒီပွဲကို လွှတ်ကြည့်ချင်နေတာ လုပ်ပါ ”

ဒီလို နားပူနားစာ ဂျီတွန်နေလေတော့ ဒီသကောင့်သား ပွဲကြိုက်မောင် မျက်နှာလေးကို သနားလာတာကတစ်ကြောင်း ပေါက်ကျိုင်းလဲ ဆန်ဆီစား ရိက္ခာ တိုတိုထွာထွာလေးတွေ ဝယ်ချင်တာကတစ်ကြောင်းကြောင့် ဒီငမူးဘိုရှုပ် ကို မမူး မရှုပ် ပေါက်ကတရ မလုပ်ဖို့ အထပ်ထပ်ကတိ တောင်းရင်း လှေကြုံလေးတစ်စီးနဲ့ အောင်ဘာရွာဆီ ပွဲသွားကြည့်ပါလေရော…။

ရွာကိုရောက်တော့ ရွာလူကြီးကို တောဝက်သားသုံးလေးတွဲပို့ မျက်နှာပြ လိုတဲ့ ဆန်ဆီစား လေးတွေ ဝယ် သကောင့်သား ဘိုရှုပ်ကိုလဲ ငြီမ်ငြီမ်နေဖို့ နားထင်ဆွဲ နားရင်းအုပ်နဲ့ ပေါက်ကျိုင်းမလဲဖတ်ဖတ်မောနေတုန်း.
ဒီကောင် ပေါက်ကျိုင်း အလစ်မှာ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် တစ်ဆယ်ဖိုး ဆယ်ငါးကျပ်ဖိုး နဲ့ အရက် ခွက်ကောက် ကစ်လာလိုက်တာ ညမိုးချုပ် ပွဲကခါနီးရော သကောင့်သားဘိုရှုပ် ရဲ့ အဆီပြန်မျက်နှာက သွားရေတစ်မျှားမျှား မျက်စိစွေစောင်း အာလေးနဲ့ ထွေ နေပြီ .. ဒီတော့ ချီးထုပ်ကိုမှလွယ်လာမိသူ ငမိုက်သား ပေါက်ကျိုင်းမလဲ မထူးပြီဆိုပြီး အရက်တစ်စိတ်မှာ ကောက်ကဲ့သောက်ပြီး ပွဲခင်းဆိုင်းဝိုင်းဘေးမှာ တဟေးဟေးတဟီးဟီးနဲ့ အူမြူးနေတဲ့ ဘိုရှုပ်ကိုထိန်းနေရင်းပွဲက စပါလေရောဗျို့ .. ပွဲအစ ဘုရားကန်တော့ ပြီး မင်းသားများရဲ့ စတိတ်ရှိုး .. ပြီးတော့ မင်းသမီးများရဲ့ စတိတ်ရှိုး လာတော့ ဒီ ဘိုရှုပ်သောက်ရူးသွေးက စလာပါပြီ.. မင်းသမီးလေးတွေ တစ်ယောက်တစ်လှည့် သီချင်းဆိုရင်း ခပ်ချောချောဂျောတောင့်တောင့် ခေါင်းဆောင်မင်းသမီး အလှည့်ရောက်တော့ ဒီနယ်တစ်ဝိုက် မင်းသမီး ချူစားနေကြ သီချင်း ဖြစ်တဲ့ ...

“ ရန်ကုန် ပြန်တော့ ဘူး.. ရန်ကုန်ပြန်တော့ ဘူး .. ဒီနှစ်တော့ ကိုအဝှာ ကို ယူမယ် စိတ်ကူး.. ဟူ.. ဇတ်ခေါင်းပြုတ်လဲ ရန်ကုန် ပြန်တော့ ဘူး ”

ဆိုတဲ့ ပေါက်ကျိုင်းတို့ နားရည်ဝနေတဲ့ ဆိုင်းသီချင်းကို ကောက်ခါငင်ခါ ဆိုလိုက်တော့ .. ဒီ သကောင့်သားဘိုရှုပ်ရဲ့ လုပ်ဖေါ်ကိုင်ဖက် ရဲဘက်လွတ်တွေက တဟေးဟေးနဲ့ ကိုလှထွန်းနာမည်နဲ့ ဆိုပါဦး ရော့ ဆုတော်ငွေ သုံးဆယ် .. သာခွေးနာမည် နဲ့ ဆိုပေးပါ ရော့ ဆုတော်ငွေ ငါးဆယ် … နဲ့ဆိုတော့ ဒီ ငမူးဘိုရှုပ် သူ့လူတွေကို မျက်စောင်းတစ်ခဲခဲနဲ့ ကြည့်ပြီး ပေါက်ကျိုင်း ဘေးကနေလှစ်ကနဲ ပျောက်သွားပြီး ပြန်ရောက်လာသဗျ.. ( အရက်ခွက်ကောက် သွားကစ်တယ် ထင်ပါတယ် ) ပြီး ဆိုင်းဝိုင်းထဲက မောင်းတီးချာတိတ်လေးကို လက်ဖက်ရည်ဖိုး တစ်ဆယ်ပေး.. ရန်ကုန်ပြန်တော့ ဘူးကို ဘိုရှုပ်နာမည်နဲ့ ဆိုပေးပါ ဆုတော်ငွေ တစ်ရာ လို့ စာရေးခိုင်းပြီး ပိုက်ဆံတစ်ရာနဲ့ မင်းသမီးကို သွားပေးခိုင်းရောဗျို့.. အဲဒီခေတ်က ရွှေတစ်ကျပ်သားမှ ကျပ်နှစ်သောင်း ကျော်ကျော်သာ ရှိလေတော့ ငွေတစ်ရာက နဲမှနဲဘဲကိုး.. ဒီတော့ မင်းသမီးက စာရွက်လေးကိုင်ပြီး ဝမ်းသာအားရနဲ့…..

“ သမီးကို ဆုတော်ငွေ တစ်ရာ နဲ့ ဂုဏ်ပြုချီးမြင့်တဲ့အတွက် ကျေးဇူးဥပေကာယ တင်ရှိပါတယ်ရှင် ဒီချီးမြင့်ငွေကို ပေးလိုက်တဲ့ ကိုဘိုရှုပ်ကို သိမြင်ခွင့်ရရင် သိပါရစေရှင့် ” ဆိုပြီး အောက်က ပရိတ်သတ်တွေကို ကြာမျက်လုံးနဲ့ ဝေ့ကြည့်လိုက်တော့ ဒီငမူးက ဒီမှာဒီမှာဆိုပြီး လက်ညိုးတစ်ထောင်ထောင်နဲ့ တဟီးဟီးနဲ့ နပြာကြီးဖြစ်နေတုန်း.. ဗြုန်းဆို မင်းသမီးက …

“ ရန်ကုန် ပြန်တော့ဘူး ..ရန်ကုန်ပြန်တော့ ဘူး ..ဒီနှစ်တော့ ကိုဘိုရှုပ် ကို ယူမယ် စိတ်ကူး.. ဟူ.. ဇတ်ခေါင်းပြုတ် လဲ ရန်ကုန်ပြန်တော့ ဘူး ” ဆိုပြီး ကြာသီချင်း ဆိုနေတုန်း ဒီကောင်ငမူး သူ့ခြေဆစ်လက်ဆစ် မာတောင့်တင်းကြီးကို မင်းသားဟန်နဲ့ တွန့်လီမ်ကောက်ကွေး ထ ကလိုက်တော့ ပွဲခင်းထဲက လူတွေ ရယ်လိုက်တာ တစ်အုံးအုံးနဲ့ဗျို့..

မင်းသမီး သီချင်းဆိုပြီးရော.. ဒီသီချင်းကို ထပ်ဆိုပေးပါဦး ရော့ တစ်ရာ.. ပေးလိုက် မင်းသမီးက ဆိုလိုက် .. နောက်တစ်ခါ ပေးလိုက် ဆိုလိုက် ငမူး ကလဲ ကလိုက် နဲ့ မင်းသမီးကအူမြူး ဒီငမူးက ရူး နဲ့ အတိုင်အဖေါက် ညီနေလိုက်တာ ပေါက်ကျိုင်းမလဲ ဟဲ့ကောင်ရဲ့ မနက်ဖန်မနက် မုန့်တီဟင်းခါးလေး ဝယ်စားဖို့မရှိဖြစ်နေဦးမယ် ဆိုပြီး ရှက်ကလဲရှက်နဲ့မို့ နဘန်နှစ်ချက် ကျင်းပြီး မှ ဒီကောင်သောက်ရူးထတာ ဘရိတ်အုပ်တော့တယ်ခင်ဗျ..

ဒီလိုငြီမ်နေပြီးမှ ပေါက်ကျိုင်းနဘေးကနေ လှစ်ကနဲပျောက်သွားလိုက် ခွက်ကောက် ကစ် ပြီး ပြန်လာလိုက်နဲ့ လုပ်နေပေမဲ့ ဒီငမူး ငြိမ်နေတယ် ဆိုတော့ မသိချင်ယောင်ဆောင်ပြီး နေရသဗျ. . ပွဲဇတ်ထုပ်လေးကလဲ ကြည့်လိုကောင်းသကိုး.. ။

ဒီ အခါမှ သောက်ရူးငမူးဘိုရှုပ် ရဲ့ ဇတ်ရှုပ်က ခုမှ တစ်ကယ် စတာ..၊
ပွဲဇတ်ထုပ်က ဝေသံဿရာ ဇတ်ထုပ်ပါ မင်းသားမင်းသမီးအငိုအပြောကလဲကောင်း ပေါက်ကျိုင်းမလဲဒီလိုပွဲတွေနဲ့ ဝေးနေရတော့ ကြည့်ကောင်းကောင်းနဲ့ ကြည့်နေတော့တာ .. ပြီးကိုယ့်နဘေးမှာလဲ ပွဲကြိုက်မောင်တောသား ဘိုရှုပ်တစ်ကောင် မျက်ရည်လေးတစမ်းစမ်း နှပ်တရှုပ်ရှုပ်နဲ့…၊
မင်းသားက သူ့သားသမီးနှစ်ယောက် စူဇကာပုဏ္ဍားကို လုလိုက်တော့ မင်းသမီးက ငိုယို သားသမီးနှစ်ယောက်ကလဲ ပြေးလွှားငိုယို တောင်းပန် နေတော့ ပုဏ္ဍားကို ငမူးဘိုရှုပ် ဆဲလိုက် နှပ်သုတ်လိုက်နဲ့ ဇတ်ထဲမှာ မျောလို့ …။
ဒီတခါတော့ စူဇကာပုဏ္ဍား ဝေသံဿရာမင်းကြီးရဲ့ သားသမီးဖြစ်တဲ့ ပဋာ နဲ့ ဇာလီ ကို တောထဲမှာကြိုးတုပ် တုတ်တစ်ချောင်းနဲ့ ရိုက်နှက်နှိပ်စက်ခန်း ရောက်တော့ ဘိုရှုပ်တကောင် တောက်တခေါက်ခေါက်နဲ့ မေးရိုးထောင်ထနေအောင် ပုဏ္ဍား ကို စိုက်ကြည့်နေတာများ အကြာကြီး ခင်ဗျ..၊

လာပါပြီ ဒီကောင်ရူးပုံ…၊ စင်ပေါ်မှာ ပုဏ္ဍားလုပ်တဲ့လူကြမ်းကလဲ အိုက်တင် ကောင်းကောင်းနဲ့နှိပ်စက် ပဋာ နဲ့ ဇာလီ လဲ ဇတ်ခုံကြမ်းပြင်ပေါ်မှာ လူးလိမ့် ငိုယိုနေတုန်း ဒီကောင်ဘိုရှုပ် လှစ်ကနဲ ရှေ့က ဆိုင်းဝိုင်း ကို ခုန်ပျံခွတက်ကျော်လွှား ဇတ်စင်ပေါ်တက်ပြီး ဒီမောင်ပုဏ္ဍားလူကြမ်းကို လယ်ပင်းညစ် နပန်းထလုံး ပါလေရော… ဇတ်စင်ပေါ်က မောင်လူကြမ်းပုဏ္ဍား ကလဲ အစတော့ကြောင်တက်နေပြီး သတိပြန်ဝင်မှ ငမူးဘိုရှုပ် ကို ပြန်ပြီးနပန်းလုံး လယ်ပင်းညစ်နဲ့မို့ လူပြတ်တွေကလဲ ဝိုင်းဆွဲ ကားလိပ်တွေ ပြုတ်ကျနဲ့ ဝရုန်းသုံးကား ဖြစ်နေလိုက်တာ .. အောက်က ပွဲကြည့်လူတွေကလဲ ရယ်သံ တအုံးအုံး က တော်တော်နဲ့မပြတ်ဘူးခင်ဗျ.. ဒီအခါမှဘဲ မောင်ပေါက်ကျိုင်း မလဲ ထူပူသတိရလာလို့ စင်ပေါ် ကုန်းရုံးတက် ဒီသောက်ရူးငမူးဘိုရှုပ် ကို ဆွဲလဲဆွဲ နရင်းလဲရိုက် ပုဏ္ဍားလူကြမ်း ကိုလဲ တောင်းပန် နေတုန်း အဲဒီခေတ် ကတည်းက စွာတာတာ ဖြစ်နေတဲ့ မီးသတ် တစ်အုပ် တက်ချလာ ပေါက်ကျိုင်းနဲ့ငမူးဘိုရှုပ် ကို

မပြောမဆို ချုပ်တဲ့ပြီး ရွာလည်လူကြီး အိမ်အောက် မှာ ဒီနယ်အခေါ် ခြောက်ပေါက် ဆိုတဲ့ ထိပ်တုံး ထဲမှာ ခြေထောက် တစ်ယောက်တစ်ဖက်ဆီ ထဲ့ ပြီး ချုပ်ထားပါရောလား .. ပေါက်ကျိုင်း မလဲ ဒီလို အဖြစ်မျိုး တစ်ခါမှ လဲ မကြုံဘူး . ရှက်ကလဲရှက် လူတွေကလဲ ဝိုင်းအုံပြီး တစ်ယောက်တစ်ပေါက်ပြော ရယ်မောနေကြလို့ အဲဒီ ခြောက်ပေါက်ထဲမှာ သောက်ရူးငမူးဘိုရှုပ် ကို နားရင်းကြီးဘဲ စွတ်တွယ်နေမိတော့တာ...။

“ ဟေ့ ကောင်သောက်ရူး ဒါပွဲကနေတာ မသိဘူးလား ဘာလို့ အလေနတော လျှောက်လုပ်တာလဲ ”

“ ဟုတ်ဖူး ကိုပေါက်ကျိုင်းရဲ့ ဒီပုဏ္ဍား ကိုက လိုတာထက်ပိုပြီး နှိပ်စက် လွန်းလို့ ကျုပ် မခံနိုင် ဖြစ်တာဗျ ”

“ အဲဒါ ဇတ်သဘောအရ လုပ်နေတာ သေချင်းဆိုးရဲ့ အခုကြည့် ငါမှာ မဆီမဆိုင် ခြောက်ပေါက်ထဲ ရောက်နေပြီ နှိပ်စက်ဦး နှိပ်စက်ဦး ကဲဟာ.. ဖုန်း ”

“ အီး .. ဟီးဟီး ရိုက်ပါ ကိုပေါက်ကျိုင်းရဲ့ ဝေသံဿရာ သားအဖ တွေကို နှိပ်စက်လွန်းလို့ မခံနိုင်လို့ပါ ..  ဝေသံဿရာ ကလဲ လူစိတ်မရှိဘူး..ဒီ ပုဏ္ဍား အပြင်မှာ တွေ့လို့ရတော့ကွာ.. ယမ်းထောင်း နဲ့ ပစ်ကိုပစ်ဦးမယ် သတိသာ ထားပေရော့ ပုဏ္ဍား ကောင် ”

“ ပြောလေ ပိုဆိုးလေပါလား ဒီကောင် တောမှန်းတောင်မှန်း သောက်မှန်းကန်းမှန်း တောင် မသိတဲ့ တောသား ကဲဟာ ကဲဟာ .. ဖုန်း.. ဖုန်း.. ”

ပေါက်ကျိုင်းက နာရင်းရိုက် သောက်မူးက မောင်ပုဏ္ဍား ကို ယမ်းထောင်း ကြိမ်းကြိမ်း လိုက်နဲ့ ခြောက်ပေါက်ထဲမှာ နှစ်ကောင်သား ဝရုန်းတုံးကား ဖြစ်နေတုန်း ပေါက်ကျိုင်းတို့ တောဝက်သားနဲ့ မျက်နှာလုပ်ထားတဲ့ ရွာလူကြီး ရောက်လာပြီး ဖိဟောက်ပါလေရောဗျို့..
ဒီရွာလူကြီးနဲ့ ခင်တာခင်တာ တစ်ယောက်ကိုတစ်ယောက် စောင်းချိတ်နေတာရယ် လွတ်လူတွေ ဖေါ်ကောင်လုပ်ထားလို့ ငမူးဘိုရှုပ် ကလဲ ရဲဘက်လွတ်လူ မဟုတ်ဘူး ဆိုတာ ရယ် ပေါင်းပြီး ပေါက်ကျိုင်းကိုသာ မဲမဲပြီး ဖိသောင်းကျန်း နေတော့တာ လူတွေ ပွဲဖက်ပြန်စိတ်ရောက်ပြီး အရှိုရှို ပျောက်ကုန်တော့ မှ မောင်ပေါက်ကျိုင်း နား တိုးတိုးကပ်ပြီး.. လေသံလေးနဲ့ ..

“ ဟေ့ကောင် ပေါက်ကျိုင်း မင်း ဒီ ရဲဘက် မလွတ်သေးဘဲ နဲ့ ဟိုသည်လျှောက်ခေါ်တာ အဲဒါ ရာဇဝတ်မူ့ ဟဲ့ အချုပ်ထဲ မင်းပါရောက်သွားနိုင်တယ် ဆိုတာ သိလား ”

“ သိပါသဗျာ ရုံးရောက် ဂတ်ရောက် တော့ကော ဘာဖြစ်လဲ . . ခင်ဗျား ဝါးစားမျိုဆို့ ထားတာတွေ အကုန်တိုင် လိုက်မှာပေါ့ ”

“ ဟေ့.. ဟေ့ကောင် မလုပ်နဲ့နော် ငါဒီမှာ ဂေါပကလူကြီးလဲ လုပ်နေတာဟ.. တော်ကြာ.. ”

“ ဒါဆိုရင် ကျွန်တော်တို့ကို အခုလွတ်ပေး ရွာကိုပြန်မယ် ”

“ ဘယ်ဖြစ်သေးမလဲ ဒီကောင်ရဲဘက် ဇတ်စင် ပေါ်မှာ နပန်းလုံးတာ ဇတ်ဆရာက သူတို့ပွဲ လဒ်ပိတ်တယ်  ဒီည ပွဲနား မယ်ဆိုပြီး စိတ်ဆိုးနေလို့ မနက်ဖန်မှ ပြန်ပါမောင်ရာ အခုတော့ သူတို့ စိတ်ဆိုးပြေအောင် ခဏ ”

“ မရဘူးဗျာ မနက်ဖန်ထိဆိုရင် ခင်ဗျားရဲ့ ကိစ္စတွေကို ကျွန်တော့ပါးစပ်က တာဝန် မယူနိုင်ဘူးနော် ဒါဘဲ ”

“ အေးပါ အေးပါ .. အခုလှေတစ်စင်း ဆင့် ပေးလိုက်မယ် .. ဟိုကောင် ရဲဘက် ကိုလဲ သေသေချာချာ ပြန်ခေါ်သွား .. မင်းရှိနေလို့သာ ဒီကောင် တစ်ယောက်ထဲ ဆိုရင် ရဲဘက်စခန်း ကို တိုင်လိုက်ပြီ ပွဲလာရင် ဒီငမူးကို လုံးဝ ခေါ်မလာနဲ့တော့ နောက်ခါ ဆိုရင် မင်းကိုလဲ မရှောင်တော့ဘူးနော် ”

နောက်ဆုံးတော့ ပွဲကြိုက်မောင်ဘိုရှုပ် နဲ့ ငမိုက်သားပေါက်ကျိုင်း တို့ ရွာလူကြီး စီစဉ်ပေးတဲ့ လှေနဲ့ ညတွင်းချင်း ရွာကိုပြန်ခဲ့ပြီး ဒီကောင်ငမူးကြောင့် မရှိတဲ့သိက္ခာလေးလဲ ကုန် သောက်ရှက်ကလဲကွဲ ခဲ့တဲ့ ပေါက်ကျိုင်းတစ်ကောင် တော်တော်ကြီးစိတ်ဆိုးသွားလို့ တလကိုးတင်း ဒင်း ပေါက်ကျိုင်းတဲဆီ မလာရဲဖြစ်နေရာက ပေါက်ကျိုင်း ကြိုက်တဲ့ တောဝက်မိုးခိုသား တစ်တွဲ နဲ့ လာတောင်းပန်ကန်တော့ မှ ဒီကလဲ ညီအရင်းလို သဘောထားလေတော့ စိတ်ဆိုးပြေသွားပါရောဗျာ.. မိုးခိုသားလေးကလဲ မစားရတာ ကြာလှမင့်ကိုး.....။

 ဒီကောင်ငမူးလဲ လွတ်ရက်စေ့လွတ်ပြီး ငွေလေးအတော်အတန်စုမိ ညီလေးအရင်းလေးလို သံယောဇဉ်ဖြစ်မိလို့ ကော့သောင်းအထိ တက်ပြီး မြစ်ကြီးနားသင်္ဘော နဲ့ ရန်ကုန်ကိုသူပြန်တော့ သင်္ဘောပေါ်မှာ မျက်ရည်တစ်စမ်းနဲ့ လက်ဝှေ့ရမ်း နုတ်ဆက်ပုံကို ပေါက်ကျိုင်း အခုထိမြင်ယောင် သတိတရ ရှိနေတုန်းပါ...

အင်း... ပွဲကြိုက်မောင်ဘိုရှုပ်တစ်ယောက် အခုချိန်မှာ သူ့ရဲ့ သုဘဋာလက်သစ်ငယ်ချစ်ဦး နဲ့ ပြန်တွေ့ဆုံ ပေါင်းဖက်ကြပြီလား ဒါမှမဟုတ် ဒီမှာလိုဘဲ ကက်ဆက်ကြီးတစ်လွယ်လွယ် အရက်ပုံးကြီး တစ်ကားကား နဲ့ ခွေးမြှီးကောက် ခြေထောက်စွတ် ဆိုသလိုဘဲလား.. တွေးတွေးပြီးတော့ ပေါက်ကျိုင်း သတိတရ လွမ်းမိသေးတော့ ...။

No comments:

Post a Comment

ကိုယ့်ရဲ့အထင်အမြင်လေးကို ဒီနေရာကနေ ရေးနိုင်ပါတယ်ခင်ဗျ..