Pages

Wednesday, March 31, 2010

ကျူ ၊ လန် ၊ လန်း ၊ ဇယား ....

အခုတစ်လော နားရည်ဝ ကြားကြားနေတဲ့ ဒီခေတ်လူငယ်တွေရဲ့ ဘန်းစကား ကျူ ( Q ) တယ် တို့ လန်းတယ် တို့ လန်ထွက်နေတယ် ဇယားလေးတွေ ဆိုတာ လဒူပေါက်ကျိုင်း ဘာကို ညွှန်းဆိုတာလဲ ဆိုတာ တွေးတောရင်း ရေးရေးတော့ သဘောပေါက် သလိုတော့ အရှိသားဗျ… Q တယ် ဆိုတာ အူတူတူလဒူပေါက်ကျိုင်း ခမျှာမှာ တုံးရှာလို့ စာနဲ့ ရေးမပြတတ်ပေမဲ့ တဖက်သားကို သိအောင် ကျအောင် ပြောဆိုနေထိုင် ပြုမူတယ် ဆိုတာကိုအကြမ်းဖြည်း သိရသဗျာ..။

ဇယား ဆိုတာက ချာတိတ်တွေ သူတို့ရဲ့ချစ်သူ ရည်းစား အတွဲ ဆိုတာတော့ အရိပ်ဖမ်းသံဖမ်း သိမိသဗျာ.. နောက်ပြီး .. “အင်း..အဲ….ဘယ်လိုပြောရမလဲပေါ့နော် ဒီလိုဘဲပေါ့နော် .. ဟိုလိုမဟုတ်ဘူးပေါ့နော်.. အ..ဟင်း..ဟင်း….”

ငတုံးပေါက်ကျိုင်း ဒီ့ထက်ညဏ်မမီ တော့လို့ ဆရာသမား ကိုပီတာ ၊ ကိုဘကြိုင် တို့ကို တိုးတိုးလက်ကုတ်ပြီး မေး သင်သင်ဦးမှ ….။

လန်းတယ် တို့ လန်ထွက်နေတယ် တို့ ကတော့ ပေါက်ကျိုင်း လွန်ခဲ့ တဲ့ ဘာလင်တိုင်းဒေး တုန်းက ဒီ မလေးရှား ကို မြန်မာပြည်က အဆိုတော်မလေး တွေဖြစ်တဲ့ ဝိုင်းစုခိုင်သိန်း ၊ Lဆိုင်းဇီ ၊ Nကိုင်ရာ ၊ ချစ်သုဝေ ၊ ရှင်ဖုန်း ၊ ဖြူဖြူကျော်သိန်း ၊ မယ်လိုဒီ ၊ ဂျင်းနီ တို့ရဲ့ 8 lady show ပွဲမှာ မြင်ကြားရပြီး ရေးတေးတေး လေးတော့ သဘောပေါက်မိသဗျ.. အဲဒီပွဲကို ပေါက်ကျိုင်း ဒီနိုင်ငံသားတစ်ဦးရဲ့ ကောင်းမူ့ကြောင့် ဖရီး ကြည့်လိုက်ရပါတယ်..။

အဲဒီပွဲကို နိုင်ငံသားသူငယ်ချင်းနဲ့အတူ ရှိုးကျကျဝတ် မျက်မှန်အမဲကြီးတတ် ( အမှန်တော့ ခမျှာလေးတွေ ကို မျက်လုံးကျွတ်ကျ အောင် အားပေးတတ်တဲ့ ပေါက်ကျိုင်းသောက်ကျင့် ကိုယ့်ကိုကိုယ် သိလို့ ဘေးလူ ချာတိတ်တွေ မသိအောင် ဖုံးဖိ ထားရ သပေါ့လေ ) ခါးပတ်အိတ်ကြီးကို တစ်စောင်းပတ် ကိုယ်ကိုကိုယ် ဟောင်ကောင်မင်းသား ရှောင်ယွန်ဖတ် စတိုင်ဖမ်းပြီး ဆောင့်ကြွားဆောင့်ကြွားနဲ့ ရှိုးခန်းမထဲဝင်လိုက်တာ လက်မှတ်စစ်တွေ ဘေးမှာချထားတဲ့ ထိုင်ခုံကို မမြင်မကန်း ခလုပ်တိုက်မိပြီး လူကြားထဲ ဟတ်ထိုးလဲကျ သောက်ရှက်ကွဲမလိုဖြစ်မိသေး… အ ဟေး ဟေး..။

အဲဒီမှာ အခုခေတ်လူငယ်ချာတိတ်လေးတွေ ရဲ့ အလန်းလေးတွေ လန်ထွက်တာတွေ သူတို့ရဲ့ပြောပုံဆိုပုံ အမူအရာတွေကို ကြည့်ပြီး ဆက်စပ်တွေး ပုံဖေါ်ယူမိတာပါ.. မလေးရှား ကိုကိုရွှေ တွေ ခမျှာ သူတို့ချစ်တဲ့ နာမည်ကြီး ရုပ်ရှင်အဆိုတော်ချောမလေးတွေလဲ ဖြစ်ပြန် နှစ်သစ်ကူးပိတ်အလုပ်ပိတ်ရက်လဲ ဖြစ် ပွဲကလဲငတ် ဆိုတော့ကာ အားပေးလိုက်ကြတာ ခန်းမလုံးပြည့်ဘဲဗျို့..

စင်ပေါ်က အချစ်တော် မမလေးတို့ ကလဲ တစ်ဗိုလ်တက် တစ်ဗိုလ်ဆင်း.. အဲလေ တစ်ယောက်ဝင် တစ်ယောက်ထွက် ဒီဇိုင်းဖက်ရှင်အမျိုးမျိုး အသံ ဟန်မူရာကောင်းကောင်း နဲ့ ဆိုကနေကြတော့ အောက်က ကိုကိုရွှေ ကာလသားတွေ ကလဲ တစ်ဟေးဟေးနဲ့ လက်သီးလက်မောင်းတန်း ၊ လက်ဝှေ့ရမ်း ၊ သူတို့ရဲ့ချွေးနဲစာလေးတွေ ဆုငွေပေး နဲ့ အားပေးလိုက်ကြတာ ခန်းမတစ်ခုလုံး အုံးအုံးထ ခင်ဗျ..။

ပေါက်ကျိုင်းမလဲ သူငယ်ချင်း နဲ့ ကိုကိုကာလသားတွေရဲ့ နောက်ဆုံးအစွန်မှာ ဖြူဖြူကျော်သိန်း ဟန်မူရာအသံကောင်းကောင်းနဲ့ သီချင်းဆိုနေတာ ကို တစ်မော့မော့နဲ့ အရသာခံနေတုန်း .. ပေါက်ကျိုင်း ဘေးမှာ ဂျင်းဘောင်းဘီအပြာ နဲ့ တီရှပ်ကို စတိုင်ကျကျ ဝတ်ထားတဲ့ အသားဖြူဖြူ ချာတိတ်တစ်ယောက် ရယ် အိပ်ကပ်တွေအများကြီးပါတဲ့ သရီးကွာတား ဘောင်းဘီအနီရဲရဲကြီး နဲ့ ဝေါ့ကင်းရှူး အဝါရောင် ကို ကို့ယို့ကားယား ဝတ်ထား တဲ့ အသားညိုညို ချာတိတ် တို့ နှစ်ယောက်သား အူယားဖားယား လူတွေကိုတိုးဖြဲပြီး ဝင်လာပါတယ်ခင်ဗျ.. ပေါက်ကျိုင်း အထင် ဒီပွဲကို နောက်ကျပြီးမှ ရောက်လာတယ်ထင်ပါတယ်..။

 လူတွေကလဲ ခန်းလုံးပြည့်နီးပါးဖြစ်ပြန် တစ်အုံးအုံးတစ်လှုပ်လှုပ် နဲ့ ဆိုတော့ကာ ခမျှာနှစ်ယောက်သား လူတွေထဲ အတင်းဖြဲဝင် ခြေဖျားထောက်ကြည့်လဲ မရ တော့ ပေါက်ကျိုင်းဆီ တိုးဖြဲဝင်လာပါရော… ပေါက်ကျိုင်းမလဲ သူတို့ အတင်းတိုးဖြဲ ဝင်လာလို့ ဒီကောင်လေးတွေက ဘာလဲဟ ဆိုပြီး ရှောင်ယွန်ပေါက် စတိုင် နဲ့ ကြည့်လိုက်တော့ သူတို့ခမျှာ ရှိုးတို့ရှမ်းတန့် ဖြစ်သွားသဗျား.. ပြီးတော့ မလေးလို ဆောရီး အဘန်း ( ဆောရီး အကို ) လုပ်နေသေး.. အင်း … လဒူပေါက်ကျိုင်း ပုံစံ က မျက်မှန်နဲ့ ဘာနဲ့ ဆိုတော့ ဘာကလို တိုတိုကိုး…..။

ဒီမတော့ ပေါက်ကျိုင်းလဲ အဆိုတော် မမလေးတွေကို အရမ်းမြင်ချင်တဲ့ မျက်နှာငယ်လေးတွေနဲ့ ဆိုတော့ကာ သနားပြီး ပေါက်ကျိုင်း ကိုယ်ကိုနောက်ရို့ ရှေ့ကွက်လပ်ကလေးထဲကို ဖိုးကြည့်ချင် နှစ်ကောင် ကိုဆွဲသွင်း လိုက်တော့ ခမျှာနှစ်ကောင် စင်ပေါ်က မမလေးတွေကို မြင်မှ ရှေ့တစ်ကောင် ပုခုံးကိုကိုင်ပြီး တဟေးဟေး နဲ့ ခုန်ဆွခုန်ဆွ နဲ့ အူရွှင် နေကြ သဗျ.. ။

စင်ပေါ်ကလဲ ဖြူဖြူကျော်သိန်း ပြီး တော့ ရှင်ဖုန်း အလှည့် .. ပြီး…. ဝိုင်းစုခိုင်သိန်း တက်လာတော့ အရင်ကထက် ပိုပြီး တစ်အုံးအုံးနဲ့ဖြစ်လာပါရော .. ဒီ မချော ပဲများများနဲ့ ဟန်လုပ်နေတာ ကို အောက်က ကိုကိုရွှေ ကာလသား တွေကလဲ အော်ကြ ဟစ်ကြနဲ့ ဆုငွေတက်ပေးကြနဲ့ အတိုင်အဖေါက် ညီနေတုန်း.. ပေါက်ကျိုင်း ရှေ့က စတိုင်ကျကျ ဝတ်ထားတဲ့ချာတိတ်နဲ့ အနောက်ကနေ ပုခုံးကိုင်ထားတဲ့ သရီးကွာတားကိုးကို့ကားယား ချာတိတ်နှစ်ကောင် ပြောနေတာတွေကို အတိုင်းသားကြားရသဗျို့. .. ။

“ ဟာ ဝိုင်းစုခိုင်သိန်း .. ဝိုင်းစု.. ဝိုင်းစု.. ရေလည် လန်းတယ်ကွာ.. လန်ထွက်နေတယ်… ”

အနောက်က အသားညိုညိုနဲ့ ချာတိတ်က..

“ ဟင်.. ဘယ်… ဘယ်မှာ လဲ … ဘယ်နားမှာ လန် ထွက် နေတာလဲ .. မင်းမြင်ရလား ”

“ ဟာ ဒီကောင် အညာသား.. လန် ထွက် ပါတယ် ဆိုနေမှ …”

“ ဟုတ်.. ဟုတ်ပါ့ မလားကွ.. ဝိုင်းစု မှာမှ ယောက်ျား မရှိသေးတာ.. ရှင်ဖုန်း ဆိုဟုတ်သေး ”

“ ဒီ သောက် အညာသား နဲ့တော့ ဟုတ်နေပါပြီ .. မိုက်တယ် ပြောတာကွ ..သောက်ရေးထဲမှ ဘဲ မင်းက ”

“ အင်း.. မိုက်တယ်.. မိုက်တယ်..”

အဲဒါ ပေါက်ကျိုင်း ရှေ့မှာ ချာတိတ်နှစ်ကောင် အချီအချ အမှန်တကယ်ပြောတဲ့ စကားပါ.. စကားရိုင်းရင်ခွင့်လွတ်ပါ ခင်ဗျ.. တစ်ယောက်က မြို့ကြီးသားလူလည် ထင်ပါတယ်.. တစ်ယောက်က အထက်အညာက ထင်ပါ့.. သူတို့ ပြောဆို ကြတာလေး ကို အူတူတူ လဒူပေါက်ကျိုင်း ဆက်စပ်တွေးတော မိရင်း တစ်ဖြေးဖြေး တစ်ရေးရေး...... ...။



( အမှန်တစ်ကယ်လဲ ဒီစကားတွေကို သဘောပေါက်ပါဘူး .. သူတို့ပြောတဲ့ စကားတွေက တော့ အမှန်ပါ..ချာတိတ်ကြီး ပေါက်ကျိုင်း မလဲ မကြီးမငယ် နဲ့ အဲဒီပွဲ ကို သွားကဲလိုက်သေး သဗျာ…. )
 

2 comments:

  1. အီး...
    နင်ပြောတဲ့ အဆိုတော်တွေထဲမှာ ငါသိတာဆိုလို့ ရှင်ဖုန်းတစ်ယောက်ပဲရှိတယ်...
    အင်း... အသက်ကြီးလာလေလား.. ခေတ်မမီတာလားတော့ မသိဘူး င့ါညီရာ..း)

    လင်းတိုင်း

    ReplyDelete
  2. စာတွေးတွေးပြီး ရီသွားပါတယ် ။

    ReplyDelete

ကိုယ့်ရဲ့အထင်အမြင်လေးကို ဒီနေရာကနေ ရေးနိုင်ပါတယ်ခင်ဗျ..